ထားဝယ်အရှေ့တောတွင် စစ်အာဏာရှင်တပ်၏ စစ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်၍ ကားနှစ်စီးမီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်တာတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သား ၅ ဦးသေပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း KNLA တပ်ရင်း(၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးက ယနေ့ (ဩဂုတ် ၂၀) နံနက်တွင် ပြောကြားသည်။
စစ်ကားနှစ်စီးကို မီးရှို့ဖျက်စီးခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်ဟု ၎င်းကလည်း အတည်ပြုပြောဆိုသည်။
ထားဝယ်မြို့မှ အရှေ့တောဒေသ ပကာရီရဲကင်းစခန်းကို ကား ၁၀ စီးပါသည့် စစ်ယာဉ်တန်း ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းက ရောက်ရှိလာကြောင်း၊ ယင်းအပြင် အင်အား ၁၀၀ ခန့်ရှိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များကလည်း ပကာရီရဲကင်းစခန်းကို တစ်ပတ်ခန့်ကြိုတင်ရောက်ရှိနေကြောင်း တော်လှန်ရေး အဖွဲ့များထံမှသိရသည်။
ယင်းနောက် လက်နက်ခဲယမ်းနှင့် ရိက္ခာများအပြည့်တင်ဆောင်လာသည့် စစ်ယာဉ်တန်းမှာ ပကာရီရဲကင်းစခန်းမှ ကျောက်မဲတောင်စခန်းဘက်ကို ထွက်ခွာလာစဉ် သင်္ကန်းတုံးကျေးရွာ အရောက်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံများနှင့် မြေပြင်တပ်ဖွဲ့ဝင်တစ်ချို့က ပြောသည်။
စစ်ကား ၂ စီးထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ကျန်သည့်ကား ၈ စီးမှာ ဆန်နှင့် ရိက္ခာများဖြစ်သည်ဟု မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ခဲယမ်းတင်လာတဲ့ကားနှစ်စီးလုံးရတယ်၊ ကျန်တဲ့ ၈ စီးက ဆန်နဲ့ ရိက္ခာတွေ၊ ရိက္ခာကားကိုတော့ သေနတ်နဲ့ပစ်ပြီးဖျက်ဆီးခဲ့တယ်”ဟုအထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။
ဩဂုတ်လ ၁၈ ရက်တိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားတစ်ဦးသေပြီး လက်နက်ချအညံ့ခံသူ ၃ ဦးနှင့် သေနတ် ၄ လက်ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။
ဩဂုတ်လ ၁၉ ရက်တွင်လည်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်နေသည့် သင်္ကန်းတုံးရွာအနီးဝန်းကျင်ကို နေ့လယ် ၁၁ နာရီခန့်တွင် လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
ဩဂုတ်လ ၁၉ ရက်တိုက်ပွဲတွင် စစ်ဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးဒဏ်ရာသူများသလို PDF ပူးပေါင်းတပ်ဘက်ကလည်း တစ်ဦးသေဆုံးသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။







