ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောင်းမကန်ကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်

August 20, 2024

လောင်းလုံးမြို့နယ် နာမည်ကျော် မောင်းမကန်ကမ်းခြေရှိသည့် မောင်းမကန်ရွာအတွင်းသို့ ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး ရွာထဲက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်သည် မောင်းမကန်ရွာလယ်မှ မောင်းမကန်ဈေးလမ်းအတိုင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

“လက်နက်ငယ်အသံတွေလည်း ကြားနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေသောကြောင့် ကျေးရွာလမ်းမတစ်လျှောက် လူခြေတိတ်‌နေပြီး ဒေသခံများမှာ အပြင်မထွက်ရဲဘဲ ဖြစ်နေကြောင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ယခုလအတွင်း မောင်းမကန်ရဲစခန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။

ဩဂုတ်လ ၈ရက်တွင် တစ်ကြိမ်နှင့် ၁၇ ရက်တွင် တစ်ကြိမ် PDF ပူးပေါင်းတပ်များက မောင်းမကန်ရဲစခန်းကို လာရောက်တိုက်ခိုက်ခဲ့သည်။

မောင်းမကန်ရဲစခန်း စတင်တိုက်ခိုက်ခံရပြီးချိန်ကစပြီး အနောက်ဘက်လယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ၏ ရေတပ်ကလည်း လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုသို့ပစ်ခတ်သောကြောင့် မောင်းမကန်ကျေးရွာနှင့် တစ်မိုင်ကျော်တွင်ရှိသည့် သဘော့ဆိပ်ရွာနှင့် ပြင်ကြီးရွာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“ဒီနေ့ဆို အိမ်အနည်းငယ်ပဲရှိပြီ။ အကုန်ပြောင်းကုန်ကြတာ” ဟု သဘော့ဆိပ်ရွာဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက် ညကလည်း မောင်းမကန်ကမ်းခြေတွင် ရှိသည့် KTV အဆောင် လေးဆောင်ကို PDF အဖွဲ့တစ်ခုက မီးရှို့ခဲ့ပြီးနောက် ကားတစ်စီးကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများက ဆိုသည်။