ပြီးခဲ့သည့် အပတ်မှစ၍ ဘာသာရေးအရ ကွဲပြားသည့် လူနည်းစုလက်နက်ကိုင်အဖွဲ့များအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆူဝေဒါဒေသ၌ ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် အခြေအနေပြန်လည်တည်ငြိမ်လာပြီဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်ကို ကိုးကား၍ ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
လူနည်းစုဒရူးဇ်လူမျိုးများ အများစုနေထိုင်ရာ ဆူဝေဒါမြို့မှ ၎င်းတို့၏ ရန်ဘက် ဘက်ဒူအင်လူနည်းစုဝင် တိုက်ခိုက်ရေးသမားများ ဆုတ်ခွာသွားခဲ့ပြီးနောက် မြို့အခြေအနေ ပြန်လည်တည်ငြိမ်လာကြောင်း သတင်းထွက်ပေါ်လာသည်။
ဆူဝေဒါမြို့တွင် ယနေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှစ၍ သေနတ်သံများ ထွက်ပေါ်လာခြင်း မရှိတော့ကြောင်း မြို့ခံတစ်ဦး၏ ပြောဆိုချက်ကို ရိုက်တာသတင်းတွင် ကိုးကားဖော်ပြထားသည်။
နောက်ထပ်ဒရူးဇ်လူနည်းစုဝင်တစ်ဦးကလည်း ဆူဝေဒါမြို့ နေရာအများစုတွင် အခြေအနေပြန်လည် တည်ငြိမ်လာပြီဖြစ်ကြောင်း ပြောသည်။
သို့သော် ရေနှင့် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆူဝေဒါမြို့ခံများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သွားဆရာဝန်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
“ဆေးရုံတွေက တော်တော်လေး အခြေအနေဆိုးနေတယ်။ မလည်ပတ်နိုင်ကြဘူး။ သေတဲ့လူတွေ ၊ ဒဏ်ရာရတဲ့လူတွေ အများကြီး ရှိနေတုန်းပဲ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်အပတ်တွင် ဆီးရီးယားနိုင်ငံ ၊ ဆူဝေဒါဒေသ၌ ဘာသာရေးအရ ကွဲပြားသည့် ဘက်ဒူအင်လူနည်းစုတိုက်ခိုက်ရေးသမားများနှင့် ဒရူးဇ်လူနည်းစုဝင်တိုက်ခိုက်ရေးသမားများအကြား တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကို နှိမ်နှင်းရန် ဆီးရီးယားအစိုးရတပ်များကို စေလွှတ်လိုက်ခဲ့ပြီးနောက်တွင် ဆီးရီးယားအစိုးရတပ်များသည် ဒရူးဇ်လူနည်းစုဝင်များအပေါ် လူ့အခွင့်အရေချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် အစ္စရေးလေတပ်က ဆီးရီးယားအစိုးရတပ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဆီးရီးယားမြို့တော် ဒမတ်စကတ်မြို့ကိုလည်း အစ္စရေးလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဆီးရီးယားရှိ လူနည်းစု ဒရုဇ်လူမျိုးများသည် အစ္စရေးနိုင်ငံတွင်းနှင့် အစ္စရေးသိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်တွင် နေထိုင်သည့် ဒရုဇ်လူမျိုးများနှင့် နက်ရှိုင်းသည့် ဆက်နွယ်မှုရှိသည့်အတွက် ယင်းတို့ကို ကာကွယ်ပေးလိုကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဆိုသည်။
ဗုဒ္ဓဟူးနေ့တွင် အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဆူဝေဒါမြို့မှ ဆီးရီးယားအစိုးရတပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်။
စနေနေ့ အစောပိုင်းတွင် ဆီးရီးယားအစိုးရက အပစ်ရပ်သဘောတူညီချက်သစ် ထပ်မံကြေညာခဲ့သည်။
သို့သော် ယင်းသဘောတူညီချက်မှာ လျှင်လျှင်မြန်မြန် ကျိုးပေါက်သွားခဲ့ပြီး တိုက်ခိုက်မှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ပြီးခဲ့သည့် အပတ်က စတင်ဖြစ်ပွားခဲ့သည့် ဆီးရီးယားတောင်ပိုင်းရှိ အဆိုပါ အပြန်အလှန်တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်ရေးအဖွဲ့(SOHR) က ဖော်ပြသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် သမ္မတဟောင်း ဘာရှာအာဆတ်အာဆတ်ကို အစ္စလာမ္မစ်သူပုန်များက ဖြုတ်ချနိုင်ခဲ့ပြီးချိန်မှစ၍ လက်ရှိကြားကာလဆီးရီးယားအစိုးရသည် နိုင်ငံကို ပြန်လည်စုစည်းထိန်းချုပ်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက် ရှိသည်။
Source: Reuters ၊ The Guardian