BREAKING
October 30, 2025

ရုရှားအရှေ့ဘက် ပင်လယ်ပြင်တွင် ငလျင်နှစ်ကြိမ်လှုပ်

July 20, 2025

ဓာတ်ပုံ - GETTY IMAGES ပုံစာ -ရုရှားနိုင်ငံ အရှေ့ပိုင်း Kamchatka ကျွန်းဆွယ်ပေါ်ရှိ Petropavlovsk-Kamchatsky မြို့။

ရုရှားနိုင်ငံအရှေ့ပိုင်း Kamchatka ကျွန်းဆွယ်အနီး ပင်လယ်ပြင်တွင် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့က ငလျင်လှုပ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် အမေရိကန်အခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးချက်ထုတ်ပြန်ရေး စင်တာက ရုရှားကျွန်းဆွယ်အတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ရုရှားနိုင်ငံ၊ Petropavlovsk-Kamchatsky မြို့ အရှေ့ဘက် ၈၉ မိုင်အကွာ ပင်လယ်ပြင်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့သည်။

အဆိုပါ နေရာနှင့် အနီးအနားတွင်ပင် ယင်းငလျင်လှုပ်ခတ်မှုမတိုင်ခင် မိနစ်အနည်းငယ်အလိုတွင် ရစ်ချ်တာစကေး ၆ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးသည်။

အဆိုပါ ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံ အမျိုးသားရာသီဥတုဆိုင်ရာ ဝန်ဆောင်မှုဌာနက အမေရိကန်နိုင်ငံ ၊ ဟာဝိုင်အီကျွန်းအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း နောက်ထပ်စုံစမ်းတွေ့ရှိချက်အရ ယင်းသတိပေးချက်ကို ပြန်ရုတ်သိမ်းခဲ့သည်။

ဟာဝိုင်အီကျွန်းအတွက် ဆူနာမီခြိမ်းခြောက်မှု မရှိတော့ကြောင်း နောက်ထပ်စုံစမ်းတွေ့ရှိချက်အရ ပြန်လည်ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ၆၀ စင်တီမီတာအမြင့်ရှိ ပင်လယ်လှိုင်းများ ရုရှားနိုင်ငံ ၊ Aleutsky ခရိုင်သို့ ရိုက်ခတ်လာနိုင်ကြောင်း ရုရှားအစိုးရပိုင် TASS မီဒီယာက ဖော်ပြသည်။

လူဦးရေ ထူထပ်သည့် Petropavlovsk-Kamchatsky ခရိုင်သို့ ၁၅ စင်တီမီတာအမြင့်ရှိ ပင်လယ်လှိုင်းများ ရိုက်ခတ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။

သာမန်ပင်လယ်ရေမျက်နှာပြင်ထက် ၁ မီတာပိုမြင့်သည့် လှိုင်းလုံးများ ရုရှားကမ်းရိုးတန်းဒေသအချို့ကို ရိုက်ခတ်လာနိုင်ကြောင်း အမေရိကန်အခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးချက်ထုတ်ပြန်ရေးစင်တာက သတိပေးထားသည်။

Source: The Independent

ဓာတ်ပုံ – GETTY IMAGES

ပုံစာ -ရုရှားနိုင်ငံ အရှေ့ပိုင်း Kamchatka ကျွန်းဆွယ်ပေါ်ရှိ Petropavlovsk-Kamchatsky မြို့။