ကော့သောင်းမြို့တွင် မိုးသက်လေပြင်းကျပြီး နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည် ။
ဇူလိုင်လ ၁၉ ရက်ညပိုင်းနှင့် ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတို့တွင် မိုးသက်လေပြင်းကြောင့် အေးရိပ်ငြိမ်၊ အဏ္ဏဝါ၊ ရွှေဇင်ယော်နှင့် အေးမြကန်သာရပ်ကွက်တို့တွင် သစ်ပင်ကျိုးကျခြင်း၊ ဓာတ်တိုင်ကျိုးခြင်း၊ နေအိမ်ပြိုကျခြင်းနှင့် နေအိမ် ခေါင်မိုးများ ပြုတ်ထွက်ခြင်းတို့ဖြစ်ပွားကြောင်း ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည် ။
အဆိုပါနေရာများကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လေရော မိုးရော နည်းနည်းစီတိုက်နေတုန်းပဲ။ အကြမ်းဆုံးတိုက်တာက နှစ်ကြိမ်တိုက်တယ်။ မနေ့ညက ၁၂နာရီ ၄၅ မိနစ် ဝန်းကျင်တစ်ကြိမ် ၊ အခုမနက်က ၉နာရီနဲ့ ၁၂ နာရီကြားမှာ တစ်ကြိမ်၊ အားလုံး နှစ်ကြိမ်တိုက်ခဲ့တယ်” ဟု ၎င်းက ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်တွင် ပြောဆိုသည်။
နေအိမ်ပျက်စီးမှုကြောင့် နေထိုင်ရေးအခက်အခဲဖြစ်နေသည့် အိမ်ထောင်စုလေးစုကိုမူ ကော့သောင်းမြို့ရှိ မဟာစည် ဘုန်းကြီးကျောင်းတွင် ယာယီ နေထိုင်ရန်စီစဥ်ထားကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ယင်းအပြင် ကော့သောင်းမြို့ ဆယ်မိုင်ကမ်းခြေရှိ စားသောက်ဆိုင်တန်းတွင်လည်း အဆောက်အအုံ သုံးခု လေပြင်းကြောင့် ပျက်စီးကြောင်း ဆယ်မိုင်ကမ်းခြေတွင်နေထိုင်သူတစ်ဦးက ဆိုသည် ။
“လေရော မိုးရော အတော်ကြမ်းတယ်။ ပုံမှန်လိုပဲ လေတိုက်ရင်းနဲ့ ရုတ်တရက် လေပြင်းတွေတိုက်လာတာ၊ အခုအထိ အခြေအနေမငြိမ်သေးတော့ မြို့ထဲကို ရွှေ့ဖို့လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။










ယင်းသို့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုများအတွင်း လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်နေသူများထံမှသိရသည် ။
ရုတ်တရက် မိုးသက်လေပြင်းကျရောက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်း ကြိုတင်၍ မိုးလေဝသ အသိပေးကြေညာထားခြင်း မရှိကြောင်း မြို့ခံများကဆိုသည် ။
ထားဝယ်နှင့် မြိတ်မြို့များတွင်မူ မိုးဆက်တိုက် ရွာသွန်းမှုရှိသော်လည်း လေပြင်းတိုက်ခတ်မှု မရှိကြောင်း ယင်းမြို့ခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည် ။
နှစ်စဥ် ရေကြီးရေလျှံမှု ကြုံတွေရလေ့ရှိသည့် တနင်္သာရီမြို့နယ်တွင်လည်း ပြီးခဲ့သည့်သုံးရက်ခန့်ကစ၍ မိုးဆက်တိုက် ရွာသွန်းနေပြီး လေပြင်းတိုက်ခတ်မှုလည်း ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ယနေ့တွင်မူ မြစ်ရေအနည်းငယ်မြင့်တက်မှုကြောင့် ကမ်းပါးနေရာအချို့ ပဲ့ကျကြောင်း ၎င်းက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကမူ ထူးခြားမိုးလေဝသ ဖြစ်စဥ်အနေဖြင့် မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲခန့်တွင် တောင်တရုတ်ပင်လယ်ပြင်၌ “ဝီဖာ” အမည်ဖြင့် အပူပိုင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်ကာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း ယနေ့ နံနက် ၇နာရီက ခန့်မှန်းထုတ်ပြန်ထားသည်။
မုန်တိုင်း၏ အကြွင်းအကျန်တိုက်တိမ်များ မြန်မာနိုင်ငံသို့ရောက်ရှိလာနိုင်ပြီး ဇူလိုင်လ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဇူလိုင်လ ၂၁ ရက်မှ ၂၆ ရက်အထိ တနင်္သာရီ အပါအဝင် နိုင်ငံအနှံအပြားတွင် မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း ၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။






