BREAKING
October 30, 2025

မြိတ်တွင် ဝါးပလုတ်ဈေး နှစ်ဆနီးပါးတက်

July 20, 2025

မြိတ်တွင် ဝါးပလုတ် ဟုခေါ်သည့် ဝါးဂျယ်လီ‌ ဈေးနှစ်ဆနီးပါးမြင့်တက်လာ‌ကြောင်း ဝါးဂျယ်လီရောင်းဝယ်သူ အချို့ထံက သိရသည်။‌

ဝါးပလုတ်သည် မိုးရာသီတွင် ဝါးပင်က ထွက်ရှိသည့် ဒေသအစားအစာတစ်ခုဖြစ်ပြီး လက်ရှိတွင် ၅ဂါလံဝင်ဆံ့သည့် ပုံးအဝါ တစ်ပုံးလျှင် ငွေကျပ် ခုနစ်သောင်းဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယမန်နှစ်ကမူ ၅ ဂါလံဝင် တစ်ပုံးလျှင် ကျပ် သုံးသောင်းခွဲဝန်းကျင်သာ ဈေးရှိသည်။

ဒေသတွင်းတိုက်ပွဲနှင့် မတည်ငြိမ်မှုများကြောင့် တနင်္သာရီမြို့နယ်တွင် ဝါးပလုတ်လုပ်သူနည်းလာပြီး ဈေးတက်လာခြင်းဖြစ်ကြောင်း ဝါးပလုတ် ရောင်းချသူတစ်ဦးက ပြောသည်။

မြိတ်ဒေသထွက် ဝါးပလုတ်ကိုသာ အဓိကထားရောင်းချနေရကြောင်း ၎င်းကဆိုသည်။

“ဝါးပလုတ်က တနင်္သာရီဘက်က လူတွေလုပ်တာများတယ်။ တနင်္သာရီဘက်မှာက တိုက်ပွဲတွေ တအား (အရမ်း) ဖြစ်တာ။ ဒေသတွင်းလည်း မငြိမ်သက်တော့ ဝါးပလုတ်လုပ်တဲ့သူတွေလည်း သိပ်မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။

တနင်္သာရီမြို့နယ်ဘက်တွင် ဝါးပလုတ်ထွက်ရှိမှု နည်းလာသဖြင့် မြိတ်မြို့နယ်မှ ထွက်သည့် ဝါးပလုတ်ကို အဓိကထား ရောင်းချနေရကြောင်း အွန်လိုင်းတွင်ဈေးရောင်းနေသည့် မြိတ်မြို့ခံတစ်ဦးက ဆိုသည်။

“အခုက အွန်လိုင်းခေတ်ဆိုတော့ လိုင်းပေါ်တင်ရောင်းတယ်။ မှာရင် ရန်ကုန်လည်းပို့ပေးတယ်။ ဝါးပလုတ်က ပုံးထဲထည့် သိမ်းထားရင် တစ်လနီးပါးလောက်တော့ အထားခံတယ်။ ရက်ကြာသွားရင်တော့ နည်းနည်းမာသွားတယ်” ဟု ၎င်းက ပြောသည်။

ဝါးပလုတ် ပြုလုပ်ရာတွင် တပင်တိုင် ဝါးအမျိုးအစားကို အသုံးပြုကြပြီး မိုးရာသီတွင် အဓိကထွက်ရှိသည့် ဒေသအစားအစာတစ်ခုဖြစ်သည်။

ဆေးကုလားမနှင့် ဆင်တူသည့် ဝါးပလုတ်ကို အုန်းနို့၊ သကြား၊ နို့ဆီတို့ဖြင့် ဖျော်စပ်ပြီး သောက်သုံးကြပြီး လူကြိုက်များသည်။