တနင်္သာရီမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့နှင့် စစ်ဘေးရှောင်နေရာများတွင် သားဆက်ခြားသောက်ဆေး ပြတ်လပ်လာကာ စျေးတက်နေကြောင်း ဒေသခံများနှင့် ကျေးရွာရှိ သူနာပြုဆရာမအချို့ထံမှ သိရသည်။
ပြီးခဲ့သည့်မတ်လကစပြီး စစ်ကောင်စီက တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေများကို ဆေးဝါး သယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်သဖြင့် သားဆက်ခြားဆေး (သောက်ဆေး) ဝယ်ယူရခက်ခဲလာကြောင်း ကော်တောရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် မတင်းကျပ်မီ (မတ်လမတိုင်မီ) က သားဆက်ခြား သောက်ဆေးတစ်ကတ်ကို ကျပ် ၃၀၀၀ ကျပ်သာရှိရာက လက်ရှိတွင် ၄၅၀၀ကျပ် ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ မတိုင်မီက သားဆက်ခြား ထိုးဆေးတစ်လုံးလျှင် ၂၅၀၀ ကျပ်ရှိရာက လက်ရှိတွင် ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူ နေရကြောင်း ဒေသခံများက ပြောဆိုသည်။
သောက်ဆေးမှာကြာ တစ်လသာ သုံးစွဲ၍ရပြီး ထိုးဆေးမှာ သုံးလအထိခံသည့်အတွက် သောက်ဆေးအစား ထိုးဆေးကို ပိုမိုသုံးစွဲလာကြကြောင်း ၎င်းများထံမှ သိရသည်။
“စား(သောက်)ဆေးက ဝယ်ယူရလည်း ခက်ခဲတယ်။ ထိုးဆေးထိုးလိုက်ရင် သုံးလကြာပြီးမှ တစ်လုံးပြန်ထိုးရတယ်။ စားဆေးက ငွေလည်းအကုန်အကျများတော့ ထိုးဆေးပဲထိုးဖြစ်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ဆေးဝယ်ယူရခက်ခဲနေသဖြင့် ဆေးခန်းတွင် သားဆက်ခြားထိုးဆေး ထိုးသူပိုများ လာသလို အပ်ထည့်သူလည်း ရှိလာကြောင်း တနင်္သာရီမြို့နယ် ကျေးရွာအချို့ရှိ ကျန်းမာရေးဆရာ၊ ဆရာမများထံမှ သိရသည်။
“ထိုးဆေး ထိုးသမားတွေက အရင်ကထက် သုံးဆများလာတယ်။ စားဆေးစားသမားတွေလည်း ထိုးဆေးပဲ ပြောင်းထိုးလာကြတယ်” ဟု ဆရာမ တစ်ဦးက ပြောသည်။
ကျန်းမာရေး ဆရာ၊ ဆရာမများက စစ်ရှောင်ရှိသည့် ဒေသအချို့ကို သုံးလခန့်ကြာမှ ရောက်လာလေ့ရှိပြီး တစ်ကြိမ်လာတိုင်း သားဆက်ခြားသောက်ဆေး တစ်ကတ်သာ အခမဲ့ရသည့်အတွက် နီးစပ်ရာဆေးခန်းတွင် ထိုးဆေး သွားထိုးနေကြောင်း သိန်ခွန်းရွာတွင် နေထိုင်ခဲ့သည့် စစ်ရှောင်တစ်ဦးက ပြောဆိုသည်။
တနင်္သာရီမြို့နယ်အတွင်း ဆေးဝါးသယ်ဆောင်ခွင့် ဖြတ်တောက်ကန့်သတ်ခံထားရသည့် ကျေးရွာအုပ်စု တစ်ဆယ်ကျော်ရှိသည်။