စပါးစျေးတက်လေ့ရှိသည့် စိုက်ပျိုးရာသီတွင် လောင်းလုံးမြို့နယ်အတွင်း စပါးစျေးထက်ဝက်နီးပါးကျနေပြီး အရောင်းအဝယ်လည်း နည်းပါးကြောင်း လယ်သမားများနှင့် ဆန်စပါးကုန်သည်အချို့ထံမှ သိရသည်။
စပါးပေါ်ခါစဖြစ်သည့် ၂၀၂၄ နှစ်ကုန်ပိုင်းက စပါးကြီးအုပ်စုဝင် (ဒေသအခေါ်) စပါးအမျိုးအစား တစ်တင်းလျှင် ငွေကျပ် တစ်သောင်းရှစ်ထောင်ဝန်းကျင် စျေးပေါက်ရာက လက်ရှိတွင် ကျပ်ကိုးထောင်သာ စျေးရှိတော့ကြောင်း ၎င်းတို့ထံမှ သိရသည်။
လောင်းလုံးမြို့နယ်အတွင်း လယ်သမားအများစုက စပါးကြီးအုပ်စုဝင် ကျော်ဇေယျ၊ ရန်ကုန်နှင့် ရွှေပန်းခိုင် (ဒေသအခေါ်များ) ကဲ့သို့သော စပါးမျိုးကို စိုက်ပျိုးကြသည်။
လောင်းလုံးမြို့နယ်မှ ထွက်ရှိသည့် ဆန်ကို ထားဝယ်မြို့ပေါ်မှလွဲပြီး အခြားဒေသကို တင်ပို့၍မရသည့်အတွက် ဆန်စျေး ကျလာပြီး စပါးစျေးပါ ကျဆင်းလာကြောင်း ဒေသခံဆန်စပါးကုန်သည်တစ်ဦးက ဆိုသည်။
“ဆန်တွေက အရည်သွေးမမီတဲ့အတွက် စားသုံးတာက နည်းတယ်။ သူက ကုန်ကြမ်းလုပ်တဲ့နေရာကို ပို့ရတာ။ အခုက ကုန်ကြမ်းလုပ်တဲ့နေရာကို ထွက်ဖို့က ပိတ်ခံလိုက်ရတာ” ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ဒေသထွက် ဆန်ကြမ်းကို ရန်ကုန်အပါအဝင် တိုင်းပြင်ပကို တင်ပို့ရောင်းချနေပြီး အာဏာသိမ်ပြီးချိန်တွင် ဆန်တင်ပို့ခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ဆန်စပါးကုန်သည်အချို့ထံမှ သိရသည်။
စပါးကြီးအုပ်စုဝင် စပါးကိုကြိတ်ခွဲရာကထွက်လာသည့် ဆန်ကြမ်း ၄၀ ကီလိုဂရမ်ပါဆန် တစ်အိတ်လျှင် ကျပ်သုံးသောင်းဝန်းကျင်သာ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
တိုင်းပြင်ပသို့ တင်ပို့ခွင့် မကန့်သတ်မီကမူ ၄၀ ကီလိုဂရမ်ပါ ဆန်တစ်အိတ်လျှင် ကျပ်ငါးသောင်းကျော်ဈေးရှိခဲ့သည်။
လက်ရှိတွင် လောင်းလုံးမြို့နယ်နှင့် ဒေသထွက်စပါးမှာ ဈေးကွက်မရှိတော့သည့်အတွက် ယင်းကဲ့သို့ဈေးကျနေခြင်း ဖြစ်ကြောင်း ဆန်စပါးကုန်သည်အချို့က ဆိုသည်။
ထားဝယ်ခရိုင်နေပြည်သူအများစုက ဒေသထွက်ဆန်ကြမ်းကို စားသုံးမှုနည်းပါးပြီး ရန်ကုန်အပါအဝင် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်ချောနှင့် ဒေသထွက်ဆန်ချောကို အဓိကစားသုံးကြသည်။
ထိုကြောင့် လက်ရှိတွင် ဆန်ကြမ်းဈေးကျနေသော်လည်း ဒေသထွက် ပေါ်ဆန်းမွှေးအုပ်စုဝင် စပါးစျေးမှာ စျေးအနည်းငယ်သာ ကျကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စိုက်ပျိုးမြေ၊ ရာသီဥတုအခြေအနေများကြောင့် လောင်းလုံးအပါအဝင် ထားဝယ်ဒေသခံလယ်သမားအများစုက
ပေါ်ဆန်းမွှေး စပါးကို မစိုက်ပျိုးကြဘဲ လေဒဏ်၊ မိုးဒဏ်ခံနိုင်သည့် စပါးကြီးအုပ်စုဝင် မျိုးစပါးများကိုသာ အဓိက စိုက်ပျိုးကြသည်။
လောင်းလုံးဒေသခံ လယ်သမားတစ်ဦးကမူ စပါးကြမ်း စျေးမရသောကြောင့် စိုက်ပျိုးသည့်လယ်သမားများ အရှုံးပေါ်ကြောင်း ပြောဆိုသည်။
“သူများကိုပဲ အကုန်ငှားပြီး လုပ်ထားရတဲ့သူတွေဆို (တွက်ခြေ) မကိုက်ဘူး ရှုံးမှာပဲ။ ကိုယ့်အိမ်မှာ စက်ရှိရင်တော့ ရတာပေါ့။ ဒါ့ကြောင့် တချို့လယ်တွေဆို မလုပ်တော့ဘဲ ပစ်ထားလိုက်တာတောင်ရှိတယ်၊ မစိုက်ကြတော့ဘူးပေါ့ စပါးစျေးမရှိလို့” ဟု ၎င်းက ဆိုသည်။
စပါးစျေး ထိုးကျနေချိန်တွင် သွင်းအားစုများ၊ စပါးရိတ်သိမ်းခ ထွန်ယက်ခနှင့် အခြားကုန်ကျစရိတ်က မြင့်တက်နေကြောင်း လယ်သမားများက ညည်းတွားကြသည်။
လယ်တစ်ဧကစိုက်ပျိုးပါက ဓာတ်မြေသြဇာဖိုး ကျပ်နှစ်သိန်းဝန်းကျင်၊ စပါးရိတ်ခ တစ်သိန်းကျော်၊ ထွန်ယက်ခနှင့် အခြား အထွေထွေကုန်ကျစရိတ်လည်း အကုန်အကျများနေသည်။
ထို့အပြင် တိုက်ပွဲနှင့် စစ်ကြောင်းထိုးမှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အချိန်မီ စပါးမစိုက်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။