BREAKING
October 20, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

June 20, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန် ၁၄ ရက်မှ ၂၀ ရက်အထိ

ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ အစိုးရအိမ်တော်ရှေ့ ဆန္ဒပြ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ဇွန်လ ၁၉ ရက်နေ့ကနေစလို့ ထိုင်းပြည်သူတွေက အစိုးရအိမ်တော်ရှေ့ ဆန္ဒပြနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးတဲ့နောက် ထိုင်းနိုင်ငံရေးမှာ ဝန်ကြီးချုပ်ကို ဖိအားပေးလာကြတာပါ။

တိုင်းပြည်လုံခြုံရေးကို ထိုင်းဝန်ကြီးချုပ်ကနေ အပေးအယူလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပြီးတော့ ဝန်ကြီးချုပ်က နုတ်ထွက်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။

ထိုင်းပြည်သူများအနေနဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် စည်းလုံးညီညွတ်ကြဖို့ ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ ပါတီတွေကလည်း နုတ်ထွက်ကြဖို့ ဆန္ဒပြပြည်သူတွေကနေ တောင်းဆိုထားပါတယ်။

ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကတော့ အသံဖိုင်ပေါက်ကြားမှုအတွက် ပြည်သူအားလုံးကို တောင်းပန်ထားပြီး နိုင်ငံတော်လုံခြုံရေးအတွက် စစ်တပ်အပါအဝင် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။

အတိုက်အခံပါတီတွေဘက်ကလည်း ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ ဝန်ကြီးချုပ်ကို တိုက်တွန်းထားပါတယ်။

Ref: Bangkok Post

……………………………………..

အီရန်-အစ္စရေး ပဋိပက္ခ အမေရိကန် ကြားဝင်ဖို့ ကြိုးစား

အီရန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုထဲ အမေရိကန်ပြည်ထောင်စုက ကြားဝင်ရန် ကြိုးပမ်းလာပြီး အီရန်နိုင်ငံအပေါ် တိုက်ခိုက်ရေးအစီအစဉ်တွေကို ‌အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူလိုက်ပါတယ်။

အီရန်ဘက်က နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ခြင်းရှိမရှိ စောင့်ကြည့်ပြီးတော့ ထရမ့်က နောက်ဆုံးအမိန့်ကို လက်ကိုင်ထားပြီး ဆုံးဖြတ်ချက်မချရသေးပါဘူး။

နောက်ထပ် နှစ်ပတ်ထဲ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

အီရန်ကို တိုက်ခိုက်ဖို့နဲ့ နျူးကလီးယားအဆောက်အအုံများကို တိုက်ခိုက်ဖို့ ရှိမရှိမေးခွန်းကို သမ္မတ ထရမ့်က “တိုက်ချင်တိုက်မယ်၊ မတိုက်ချင် မတိုက်ဘူး” လို့ ပြန်ဖြေကြားခဲ့ပါတယ်။

နောက်ထပ် ထရမ့်က အီရန်ဘက်ကို ချွင်းချက်မရှိ လက်နက်ချဖို့ ဆက်လက်ပြောဆိုထားပါသေးတယ်။

အီရန်ဘက်ကတော့ လုံးဝ လက်နက်ချမှာမဟုတ်ပဲ အမေရိကန်က ကြားဝင်လာပါက အစားမထိုးနိုင်တဲ့ နောက်ဆက်တွဲကိစ္စရပ်တွေ ကြုံတွေ့ရမယ်လို့ တုံ့ပြန်ထားပါတယ်။

အမေရိကန်ဘက်က အရှေ့အလယ်ပိုင်းဒေသမှာ စစ်လက်နက်ပစ္စည်းတွေကို အခိုင်အမာတည်ဆောက်ထားသလို လေကြောင်းပစ်တွေ ရေတပ်ဖျက် သင်္ဘောတွေကို စေလွှတ်ထားပြီးဖြစ်ပါတယ်။

Ref: BBC

……………………………………..

ဗြိတိန်နဲ့ တရုတ်မှာ အမျိုးသမီး ၁၀ ဦးအထိ အဓမ္မကျင့်ခဲ့တဲ့ တရုတ်ကျောင်းသားကို ထောင် ၂၄ နှစ် ချ

ဗြိတိန်နဲ့ တရုတ်နိုင်ငံမှာ အမျိုးသမီး ၁၀ ဦးကို အဓမ္မကျင့်မှုနဲ့ တရုတ်ကျောင်းသား ကျန်းဟောင်ကျိုးကို လန်ဒန်တရားရုံးက ထောင်ဒဏ်တသက်ကို အနည်းဆုံး ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါတယ်။

နောက်ထပ် အမျိုးသမီး ၅၀ ကျော်ကိုလည်း အလားတူပြုကျင့်ခဲ့တယ်လို့ ရဲတွေက ယူဆထားပါသေးတယ်။

အသေးစိတ် မဖော်ထုတ်နိုင်သေးတဲ့အတွက် အထောက်အထားခိုင်လုံတဲ့ ၁၀ ဦးအတွက် ကနဦး စွဲချက်တင်၊ ပြစ်ဒဏ်ချခဲ့တာပါ။

အသက် ၂၈ နှစ်အရွယ် တရုတ်ကျောင်းသားဟာ အွန်လိုင်းပလက်ဖောင်းနဲ့ ချစ်သူရှာ ချိန်းဆိုတဲ့ အက်ပလီကေးတွေ သုံးပြီး မိန်းကလေးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူ့အိမ်ကိုခေါ် အမျိုးသမီးတွေကို ဆေးခတ်ပြီး သတိလစ်မေ့မျောနေချိန်မှာ အဓမ္မပြုကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မုဒိမ်းမှု ၁၁ မှု အပါအဝင် ပြစ်မှု ၂၈ ခုအတွက် မတ်လကတည်းက တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဇွန် ၁၉ ရက်မှာမှ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Ref: BBC

……………………………………..

ကနေဒါနဲ့ အိန္ဒိယသံအမတ်တွေ ပြန်ခန့်ဖို့ သဘောတူ

ကနေဒါနဲ့ အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တင်းမာနေခဲ့ပြီးနောက် နှစ်နှစ်အကြာ နှစ်နိုင်ငံ သံတမန်များ ပြန်လည်ခန့်အပ်ဖို့ သဘောတူလိုက်ကြပါတယ်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ဟာ G7 ထိပ်သီးအစည်းအဝေးပြင်ပမှာ သီးသန့်တွေ့ဆုံခဲ့ကြတဲ့အချိန် သဘောတူခဲ့ကြတာပါ။

၂၀၂၃ ခုနှစ်က ကနေဒါနိုင်ငံမှာ ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင်တဦး လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က ပါဝင်ပက်သက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပက်သက်ပြီး နှစ်နိုင်ငံ တင်းမာနေကြပြီး နှစ်နိုင်ငံစလုံးက သံတမန်တွေကို အပြန်အလှန် ဖယ်ရှားတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။

G7 ထိပ်သီးအစည်းအဝေးအပြီး အိန္ဒိယနဲ့ ကနေဒါရဲ့ သီးခြားထုတ်ပြန်ချက်အရ သံအမတ်အသစ်တွေ ပြန်ခန့်အပ်မယ့်အကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

Ref: CNN

……………………………………..

ဒိန်းမတ်စွန်လွှတ်ပွဲတော်မှာ လူပေါင်း ၅၀၀၀ ကျော် ပါဝင်

ဒိန်းမတ်နိုင်ငံ ဖာနိုကျွန်းမှာ ကျင်းပတဲ့ အကြိမ် ၄၀ မြောက် စွန်လွှတ်ပွဲတော်မှာ နိုင်ငံပေါင်း ၂၆ နိုင်ငံက စွန်လွှတ်ဝါသနာရှင် ၅၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဇွန် ၁၉ ရက်ကနေ စတင်တဲ့ ဒီပွဲတော်ကို ဇွန်လ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာပါ။

ပွဲတော်မှာ စွန်ပေါင်း ၂၅၀၀၀ အထိ ပါဝင်သွားမယ်လို့ ကြေညာထားပါတယ်။

ဖွင့်ပွဲမတိုင်မီ ဇွန် ၁၇ ရက်ကတည်းက စွန်တွေကို ကမ်းခြေတစ်လျှောက် စမ်းသပ်နေကြတာ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ ဥရောပ၊ အာရှနဲ့ အမေရိကန်ပြည်ထောင်စုက စွန်လွှတ်ဝါသနာရှင်တွေ ပါဝင်ဆင်နွှဲကြပါတယ်။

Ref: Euronews

……………………………………..

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲ၊ လူတွေကို‌ ဘေးလွတ်ရာရွှေ့ပြောင်း

အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်းဂါရာပြည်နယ်က လယ်ဝိုတိုဘီ လာကီလာကီ မီးတောင်က ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ၂ ရက်ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။

မီးတောင်အနီးရှိမှာရှိတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတာပါ။

ဇွန် ၁၇ ရက် မီးတောင်ပေါက်ကွဲချိန်မှာ ပြာမှုန့်တွေကို ၁၁ ကီလိုမီတာအမြင့်ထိ မှုတ်ထုတ်ခဲ့လို့ လေယာဉ်ခရီးစဉ်အချို့ကိုပါ ဆိုင်းငံ့ထားခဲ့ရပါတယ်။

နိုင်ငံတကာလေယာဉ်ခရီးစဉ်နဲ့ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေ အနည်းဆုံး လေယာဉ်ခရီးစဉ်ပေါင်း ၃၂ ခုကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါက ချော်ရည်တွေ စီးဆင်းလာနိုင်ဖွယ်ရှိလို့ အန္တရာယ်အမြင့်ဆုံးအထိ သတ်မှတ်ထားပါတယ်။

Ref: Aljazeera

……………………………………..

ဘရာဇီးမှာ ကြက်ငှက်တုပ်ကွေး ကင်းစင်

ဘရာဇီးနိုင်ငံဟာ စီးပွားဖြစ် မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း ကြေညာလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကြက်သားတင်ပို့တဲ့ ဘရာဇီးနိုင်ငံဟာ စီးပွားဖြစ် မွေးမြူရေးခြံတွေကို ၂၈ ရက်တာ စောင့်ကြည့်ကာလအတွင်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု အသစ်မရှိကြောင်း တွေ့ရှိရတာပါ။

ဘရာဇီးဟာ ကြက်ငှက်တုပ်ကွေးရောဂါ ကင်းစင်သွားပြီ ဖြစ်ကြောင်းကို ကိုယ်တိုင်ကြေညာလိုက်တဲ့ အကြောင်းကိုလည်း ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ကို အသိပေးထားပြီးပြီလို့ စိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့လက မွေးမြူရေးခြံတခုမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို တွေ့ရှိခဲ့ပြီးနောက်မှာ ရောဂါကို ထိန်းသိမ်းနိုင်ခဲ့ပြီး နိုင်ငံတဝန်းမှာ ဗိုင်းရပ်စ်မပြန့်ပွားစေဖို့ ကာကွယ်နိုင်ခဲ့တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ဒါကြောင့် ဘရာဇီးနိုင်ငံဟာ သူ့ရဲ့ ကုန်သွယ်မိတ်ဖက်တွေနဲ့ ကြက်သားတင်ပို့ရေး ပုံမှန်ကုန်သွယ်မှုကို ပြန်လည်စတင်ဖို့ ကန့်သတ်ထားတဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ စတင်နေပြီလို့ ဆိုပါတယ်။

Ref: REUTERS

……………………………………..