BREAKING
October 20, 2025

ရမ်းဖိုရွာတွင် စစ်ကောင်စီ စစ်ကူနှင့် ရိက္ခာတင်လာသည့် ယာဉ်တန်းမိုင်းဆွဲခံရ

June 20, 2025

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းတွေ့ရသည့် စစ်ကောင်စီယာဉ်တန်း (ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် စစ်ကောင်စီတပ် ရိက္ခာနှင့် စစ်ကူတင်ဆောင်လာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၏ ပြောဆိုချက်နှင့် ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၉ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသည့် အဆိုပါစစ်ကောင်စီ ယာဉ်တန်းကို ရမ်းဖိုရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

အဆိုပါယာဉ်တန်းတွင် မော်တော်ယာဉ် ခြောက်စီးပါဝင်ပြီး ရမ်းဖိုရွာနှင့် ကမ်းတိုရွာကြားရှိ ဆီအုန်းကုန်းအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ် သုံးစီးနှင့် ရိက္ခာတင်ယာဉ် သုံးစီးပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အထက်ပါ ယာဉ်တန်းမလာမီ ဇွန်လ ၁၇ ရက်မှစတင်ကာ စစ်ကောင်စီတပ်သားများက ပြည်ထောင်စုလမ်းတစ်လျှောက် လမ်းကင်းများချထားကြောင်း ၎င်းက ဆိုသည်။

“လမ်းကင်းတွေက ကားရောက်ခါနီးမှ တောထဲကနေ လမ်းမပေါ်ထွက်လာကြတယ်။ ကားရောက်လာတော့ မိုင်းဆွဲလိုက်တယ်” ဟု ဗိုလ်ခရင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် မော်တော်ယာဉ်တစ်စီးမှာ ၁၀ မိနစ်ခန့် ရပ်တန့်သွားပြီးနောက် ဆက်လက်မောင်းနှင်သွားကြောင်း ၎င်းက ပြောဆိုသည်။

“ကျန်ရစ်တဲ့ လမ်းကင်းတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်။ လမ်းကင်းတွေက တအား (များတာ) ပဲ။ ထိတွေ့မှုက ခဏပဲ ဖြစ်ကြတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောသည်။

မောင်းသွားသည့် စစ်ကောင်စီယာဉ်တန်းက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရကြောင်း ဘန်းလမွတ်ဒေသခံတစ်ဦးက ဆိုသည်။

“သူက ဆိုင်ကယ်မောင်းနေတာ ရိက္ခာကားကနေ ရမ်းသမ်းပစ်ပြီး တက်သွားရာမှာ ထိသွားတာ။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး” ဟု အဆိုပါ ဒေသခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပကဖနှင့် တနင်္သာရီ ပကဖ ဇုန်၃တို့ ပူးပေါင်းတိုက်ခိုက်ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရမ်းဖိုကျေးရွာတွင် ဇွန်လ၁၇ရက်မှစကာ စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့တို့ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။