ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးမြောက်ပိုင်း ဆင်ပုနစ်ရွာကို စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများထွက်ပြေး

June 20, 2025

လောင်းလုံးမြို့၏ မြောက်ဘက်ပိုင်းတွင်ရှိသည့် ဆင်ပုနစ်ရွာသို့ ယနေ့ ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။

စစ်ကြောင်းသည် ဖွားဘုတ်ပြင်နှင့် ဘူချိုင်းရွာများတွင် ယာယီတပ်စွဲပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဆင်ပုနစ်ရွာသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အခုတော့ ဘုန်းကြီးကျောင်းမှာ ထမင်းချက်စားနေကြတယ်။ လူဖမ်းတာ၊ သေနတ်ပစ်တာတော့ မရှိဘူး။ မနက်က သူတို့နဲ့ တွေ့တဲ့ သူတွေကို တော့ ထွက်မပြေးကြနဲ့ ရွာမှာပဲ အေးဆေးနေကြဆိုပြီး ပြောလိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဆင်ပုနစ်ရွာသည် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ် ကြားတွင်ရှိသည်။ စစ်‌ကြောင်းမှာ မည်သည့် မြို့နယ်ဘက်သို့ ဆက်လက်၍ စစ်ကြောင်းထိုးမည်ကို မသိရသောကြောင့် အနီးဝန်းကျင်ရှိ ဒေသခံများမှာ လယ်ယာလုပ်ငန်းအတွက် ပြင်ဆင်မှုများကို ပစ်ပြီး တိမ်းရှောင်နေကြရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းမှာ အင်အား ၁၀၀ခန့်ရှိပြီး ဇွန်လ ၁၆ ရက်မှစ၍ လောင်းလုံးမြို့နယ်၏ မြောက်ပိုင်း ကျေးရွာများဖြစ်သည့် စခန်းကြီး၊ ခမောင်းတောင်၊ တောင်မင်းပြောင်၊ ဖွားဘုတ်ပြင် စသည့် ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်ပုံစံဖြင့် သွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ စစ်ကြောင်းထိုးနေချိန် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။

“သူတို့လာတော့ လူတွေက မရှိတော့ဘူးလေ။ အိမ်တွေမှာ ရိက္ခာယူ၊ ကြက်ပစ်၊ ဝက်ပစ် ချက်ပြုတ်စားသောက်ကြ တာတော့ ရှိတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လောင်းလုံးမြို့၏ တောင်ဘက်ကျေးရွာများကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး လက်ရှိတွင် ကညုံကျွန်းရွာတွင် တပ်စွဲထားခြင်းကြောင့် အနီးအနားရှိ ကျေးရွာများက ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

လောင်းလုံးတွင် ပြီးခဲ့ မေလ ကုန်ပိုင်းမှစ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာ ၄၀ နီးပါးမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ရက်ပေါင်း ၂၀ ကျော်လာပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။