ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး တနင်္သာမြို့နယ် မောတောင်နယ်စပ်လမ်းပိုင်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဇွန်လ ၁၉ ရက် နံနက် ၁၀နာရီဝန်းကျင်မှစတင်ကာ မွန်းလွဲ ၁ နာရီအထိ လေးနာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း တွင်လည်း ကြိုကြားကြိုကြား တစ်ရက်လုံးနီးပါး အပြန်အလှန်ပစ်ခတ်မှုများရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တိုက်ပွဲအချိန်ကြာတယ်။ ကိုယ့်ဘက်ကလည်း မဆုတ်ဘူး။ သူတို့ဘက်ကလည်း မဆုတ်ဘူး။ တစ်နေ့လုံးနီးပါး ပစ်လိုက်နားလိုက်ပဲ” ဟု အထက်ပါရဲဘော်က ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
ဇွန်လ ၁၇ ရက် နံနက်စောစောကလည်း သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာကြားတွင် စစ်ကောင်စီတပ်သားများ စုပြီး တပ်စွဲထားသည့် နေအိမ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်က အထိနာကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
“အိမ်ထဲမှာ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) စုပြီးနေချိန် သွားပစ်ကြတယ်။ အလစ်အငိုက်စောင့်ပြီး အပိုင်ဝင်ပစ်တယ်လို့ ကြားရတယ်။ (စစ်ကောင်စီ) သူတို့ဘက်က အထိနာများတယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။
ဇွန်လ ၁၇ရက်နေ့ တိုက်ခိုက်မှုတွင် တော်လှန်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီဘက်က သေဆုံးသူနှင့် ဒဏ်ရာရသူများနိုင်ကြောင်း အသက် ၃၀ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီဘက်က အထိနာသည့်အတွက် ဇွန်လ ၁၇ရက် နေ့လယ်တွင် သိန်ခွန်းကျေးရွာကို လေကြောင်းက ဗုံးကြဲခဲ့သလို ၁၈ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။
မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်လည်စိုးမိုးရန် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည်မှာ ဇွန်လ ၁၈ ရက်တွင် ခြောက်လတိတိ ရှိလာပြီဖြစ်သော်လည်း သိန်ခွန်းရွာက ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေသည်။