BREAKING
October 20, 2025

အမေရိကန်သတိပေးသော်လည်း အစ္စရေး-အီရန်စစ်ပွဲတွင် ကြားနေမည်မဟုတ်ဟု ဟစ်ဇ်ဘိုလာခေါင်းဆောင်ပြော

June 20, 2025

ပုံစာ - ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ရှိတ်ခ်နာအီခါဆန်။ ဓာတ်ပုံ - Reuters

အစ္စရေး-အီရန်စစ်ပွဲတွင် မပါဝင်ရန် အမေရိကန်က သတိပေးထားသော်လည်း မိမိတို့ သဘောဆန္ဒအတိုင်း ပြုမူသွားမည်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ရှိတ်ခ်နာအီခါဆန်က တုံ့ပြန်လိုက်သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် အစ္စရေး – အီရန် စစ်ပွဲတွင် ကြားနေအဖြစ် ရပ်တည်နေမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိစစ်ပွဲသည် အစ္စရေးနှင့် အမေရိကန်၏ ရက်စက်သော ကျူးကျော်စစ်သာ ဖြစ်သည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် Tom Barrack က ဟစ်ဇ်ဘိုလာအဖွဲ့အား လက်ရှိစစ်ပွဲတွင် ပါဝင်ခြင်း မပြုရန် သတိပေးခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် စစ်ပွဲအတွင်း ပါဝင်လာလျှင် ယင်းမှာ အင်မတန် ဆိုးရွားလွန်းသည့် ဆုံးဖြတ်ချက် ဖြစ်လိမ့်မည်ဟု Tom Barrack က ဆိုသည်။

အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံကို အသိအမှတ်မပြုပေ။

ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးအကြား စစ်မက်ပဋိပက္ခ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေး ၊ အမေရိကန် ၊ ဗြိတိန် အပါအဝင် နိုင်ငံအများအပြားက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

Source: BBC