မြိတ်မြို့နယ် ၊ ပသွေး-ပိတောက် လမ်းပိုင်းရှိ ပသွေးကျေးရွာအနီးတွင် ဆီအုန်းတင်လာသည့် ကားတစ်စီး ဇွန်လ ၁၉ ရက် ညနေပိုင်းက တိမ်းမှောက်သွားကြောင်း သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ရသူများနှင့် ဒေသခံများထံမှသိရသည်။
မြိတ်မြို့ဘက်သို့ ဦးတည် မောင်းလာစဥ် ပသွေးရွာအနီးရှိ လမ်းကွေ့တစ်ခုတွင် လမ်းဘေးထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းအမျိုးသားတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သူများကဆိုသည်။
” ရွာနဲ့ နီးနီးလေးမှာ ဖြစ်တာပါ။ တစ်ခုခုကို ရှောင်လိုက်တဲ့အချိန် ကားက ဝိတ်(အလေးချိန်) များပြီး အကွေ့မှာ လမ်းဘေးကျသွားတယ်။ လမ်းက အကွေ့များတယ်။ ကားပေါ်မှာတော့ ဆီအုန်းတွေ အပြည့်ပဲ။ ကားက ကျောက်တွေ၊ သဲတွေ တင်တဲ့ ကားအမျိုးအစားပါ” ဟု သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။
ကားတိမ်းမှောက်ကာ ကားခေါင်းခန်းတွင် ကားသမားပိတ်မိနေ၍ ကရိန်းဖြင့် မကာ သယ်ထုတ်ခဲ့ရကြောင်း ဖြစ်စဥ် အနီးရှိခဲ့သူများကပြောသည်။
ကားသမား၏ မျက်နှာနှင့် ခြေတောက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဇွန်လ ၁၉ ရက်ညပိုင်းတွင် မြိတ်မြို့ခံ ပရဟိတအသင်း တစ်ခု၏ အကူအညီဖြင့် ဆေးကုသမှုခံယူရန် မြိတ်မြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ မေလ ကလည်း ပသွေး-ပိတောက် ဆီအုန်းခြံ က ဆီအုန်းများ တင်လာသည့် ကားတစ်စီး စန္ဒဝတ်အုပ်စု ၊ ကျောက်ဖြူတောင်ရွာလမ်းပိုင်းတွင် ကားချင်းလွှဲရန် လမ်းရှောင်ပေးစဥ် အလေးချိန်များ၍ တိမ်းမှောက်ခဲ့သေးသည်။