BREAKING
October 20, 2025

အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်သွားမည်ဟု ရှီအိုက်လက်နက်ကိုင်အဖွဲ့ဆို

June 20, 2025

ပုံစာ - ခါတာအိဘ်ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ အလံ။ ဓာတ်ပုံ - REUTERS/Thaier Al-Sudani

အစ္စရေး-အီရန်စစ်ပွဲတွင် အမေရိကန် ဝင်ပါမည်ဆိုလျှင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်သွားမည်ဟု ခါတာအိဘ်ဟစ်ဇ်ဘိုလာအဖွဲ့က ယနေ့ (ဇွန် ၂၀) တွင် ပြောဆိုလိုက်သည်။

ယင်းအဖွဲ့သည် အီရန်ကျောထောက်နောက်ခံပေးထားသည့် အီရတ်ရှိ ရှီအိုက်အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

“အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေဟာ ကျွန်တော်တို့အတွက် အင်မတန် လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်” ဟု ခါတာအိဘ်ဟစ်ဇ်ဘိုလာအဖွဲ့(Kataib Hezbollah)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါကို ပိုရှင်းအောင် ပြောထားချင်တယ်၊ အမေရိကန်က စစ်ပွဲထဲ ဝင်ပါရင်တော့ ရူးနေတဲ့ သမ္မတထရမ့်အနေနဲ့ ဒီဒေသကနေ သိမ်းပိုက်မယ်ဆိုပြီး သူ အိပ်မက်မက်ထားတဲ့ ပိုက်ဆံ ဒေါ်လာထရီလီယံ ပေါင်းများစွာကို ဆုံးရှုံးရလိမ့်မယ်။ ဒီအတွက် စစ်ရေးအစီအစဉ်တွေကို ကျွန်တော်တို့ ရေးဆွဲထားပြီး ဖြစ်တယ်”ဟု အဖွဲ့၏ ကာကွယ်ရေးခေါင်းဆောင် Abu Ali al-Askari က ဆိုသည်။

“ပင်လယ်နီတစ်လျှောက်က ရေနံဆိပ်ကမ်းတွေ လည်ပတ်မှု ရပ်သွားလိမ့်မယ်။ ကောင်းကင်ပေါ်က အမေရိကန်လေယာဉ်တွေကိုလည်း မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်” ဟု ၎င်းက ပြောသည်။

အီရန်နှင့် ယူအေအီးအကြား ဟော်မုဇ်ရေလက်ကြားနှင့် ဘာ့ဘ်အယ်လ်မန်ဒက်ဘ်ရေလက်ကြားကို ၎င်းတို့ ပိတ်ဆို့သွားနိုင်ခြေရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဘာ့ဘ်အယ်လ်မန်ဒက်ဘ်ရေလက်ကြားသည် ပင်လယ်နီနှင့်မြေထဲပင်လယ်ကိုဆက်သွယ်ထားသည့် အရေးပါသည့် ရေလမ်းကြောင်းတစ်ခု ဖြစ်သည်။

Source: CNN