BREAKING
October 20, 2025

အစ္စရေး-အီရန် စစ်တွင် အမေရိကန် ဝင်ပါမပါ နှစ်ပတ်အတွင်း ဆုံးဖြတ်မည်ဟု ထရမ့်ဆို

June 20, 2025

အစ္စရေး – အီရန် လေကြောင်းစစ်ပွဲတွင် အမေရိကန် ပါဝင်တိုက်ခိုက်သွားရန်ရှိမရှိ ဆိုသည်ကို လာမည့်နှစ်ပတ်အတွင်း ဆုံးဖြတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၉ ရက်နေ့က ပြောကြားလိုက်သည်။

ထရမ့်၏ ယင်းသို့ ပြောဆိုမှုကြောင့် စကားဝိုင်းဆွေးနွေးပွဲတွင် အီရန်အပေါ် ဖိအားပိုမိုသက်ရောက်လာသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထရမ့်၏ ကြာသပတေးနေ့ ပြောကြားချက်ကို ကိုးကား၍ အိမ်ဖြူတော် သတင်းစာရှင်းလင်းရေးအတွင်းရေးမှူး Karoline Leavitt က “အီရန်နဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ခြေရှိတာကြောင့် ဒီစစ်ပွဲထဲမှာ ကျွန်မတို့ ပါဝင်သွားဖို့ ရှိမရှိဆိုတာကို လာမယ့်နှစ်ပတ်အတွင်း ဆုံးဖြတ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အစ္စရေး – အီရန်စစ်ပွဲနှင့် ပတ်သက်၍ ၎င်း၏ အစီအစဉ်များကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

အမေရိကန်အနေဖြင့် အစ္စရေး – အီရန်စစ်ပွဲကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ၎င်းက ပြောဆိုထားသည်။

စစ်ပွဲတွင် အမေရိကန်က အစ္စရေးဘက်မှနေ၍ ဝင်တိုက်နိုင်ခြေရှိသည်ဟုလည်း ၎င်းက ပြောဆိုထားသည်။

အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီကို ၎င်းတို့ သတ်ပစ်နိုင်စွမ်းရှိကြောင်း ထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အင်္ဂါနေ့က ရေးသားခဲ့သည်။ အီရန်အနေဖြင့် ခြွင်းချက်မရှိ အညံ့ခံရမည်ဟုလည်း ၎င်းက ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင် ထရမ့်က သူ လုပ်မည့်အရာကို မည်သူမျှ မသိနိုင်ဟု ပြောဆိုခဲ့သည်။

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် ထရမ့်ကို ထောက်ခံသူများအကြား သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ရီပတ်ဘလင်ကန်ပါတီအတွင်း အချို့က အမေရိကန်အနေဖြင့် ဝင်တိုက်သင့်သည်ဟု သဘောထားရှိကြပြီး အခြားပါတီဝင်များက အမေရိကန်ကို စစ်ပွဲထဲ ဝင်ပါလိုစေခြင်း မရှိပေ။

Source: Reuters