လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဖမ်းခေါ်သွားသည် ဒေသခံ အမျိုးသား၊ အမျိုးသမီးကိုးဦး ပြန်လည်လွတ်မြောက်လာကြောင်း မြို့ခံတစ်ဦးနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
လောင်းလုံးမြို့မရဲစခန်းက အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည့် ယနေ့ မေလ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် လောင်းလုံးမြို့နှင့် စမ်းလှန်းရွာကြားကို စစ်ကြောင်းထိုးခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ယင်းသို့ စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံနှင့် လမ်းပေါ်တို့တွင် သွားလာလုပ်ကိုင်နေကြသည့် လောင်းလုံးမြိုခံ ရှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် မြို့ခံတစ်ဦးက ဆိုသည်။
ယင်းနောက် လောင်းလုံးမြို့နှင့် စမ်းလှန်းရွာကြားရှိ လတ်ခတ်တောင်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းမှတစ်ဆင့် ညနေ ၃နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“အခုပဲ ဘုန်းကြီးကားတွေနဲ့ ပြန်ပို့ပေးနေတယ်” ဟု အထက်ပါမြို့ခံက ညနေ ၄နာရီဝန်းကျင်တွင် ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည့် ယနေ့ ညနေပိုင်းတွင် လတ်ခတ်တောင်စစ်ကောင်စီစခန်းတွင် ပူးပေါင်း တပ်စွဲထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။
မေလ ၁၉ရက် နံနက်ပိုင်းကလည်း အထက်ပါစစ်ကြောင်းသည် လောင်းလုံးမြို့၏အရှေ့ဘက် ပြင်းထိန်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြင်းထိန်ရွာအရှေ့ကျောင်းတွင် တပ်စွဲပြီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ညနေပိုင်းတွင်မူ လောင်းလုံးမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။
ပြင်းထိန်ရွာတွင် စစ်ကြောင်း တပ်စွဲထားချိန် ဒေသခံများ မွေးမြူထားသည့် ကြက်များကိုလည်း ဖမ်းဆီးပြီး ချက်ပြုတ်စားသောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြင်းထိန်ရွာကို စစ်ကြောင်းထိုးချိန်ကလည်း ဒေသခံရော်ဘာခြစ်သမားတစ်ဦး ဖမ်းခံခဲ့ရပြီး ယနေ့တွင် ပြန်လွတ်မြောက်လာခဲ့ကြောင်း ပြင်းထိန်ရွာဒေသခံတစ်ဦးက ပြောသည်။