BREAKING
May 20, 2025

ထားဝယ် အညာဖျားကျေးရွာအုပ်စုကို လေယာဥ်ဖြင့်ဗုံးကြဲ

May 20, 2025

ပုံစာ - ယနေ့ အညာဖျားရွာတွင် ဗုံးကြဲ ခံရပြီးနောက် နေအိမ်များ ဗုံးစထိမှန်ပျက်စီးနေသည်ကို တွေ့ရစဥ် ။ ဓာတ်ပုံ - ပေးပို့ ။

ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာအုပ်စုကို ယနေ့ မေလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

အညာဖျားကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဂျက်တိုက်လေယာဥ်ဖြင့် ကျေးရွာအုပ်စုဝန်းကျင်တွင် ဝဲပျံ၍ ဗုံးကြဲချခဲ့သည့်အပြင် လေယာဥ်ပေါ်က စက်သေနတ်ဖြင့်ပါ နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောဆိုသည် ။

“လေယာဥ်ပုံစံက အရင်တစ်ခေါက်လာကြဲတဲ့ လေယာဥ်ပုံစံပဲ။ အရင်တစ်ခါက အသံကြားပြီးတာနဲ့ ခေါင်းပေါ်ရောက်နေပြီ။ အခုတစ်ခေါက်က သေချာ တစ်ပတ်၊ နှစ်ပတ်လောက်ဝဲပြီးမှ ကြဲချတာ။ ပစ်ချတဲ့နေရာကတော့ အရင်ပစ်တဲ့နေရာနဲ့နီးတယ်” ဟု ဗုံးကြဲချစဥ်ဖြစ်စဥ် အနီးရောက်ရှိနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ မရှိကြောင်း ကနဦး သိရှိရပြီး ဗုံးကျရောက်ပေါက်ကွဲသည့် နေရာဝန်းကျင်ရှိ နေအိမ်အချို့တွင် ဗုံးအစ စင်၍ ထိခိုက်မှုရှိကြောင်း ၎င်းက ပြောဆိုသည်။

ယခု မေလ ၄ ရက်ကလည်း စစ်ကောင်စီတပ်သည် အညာဖျားရွာကို တိုက်ပွဲမရှိဘဲ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့သေးသည် ။