ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်းလွဲပိုင်းက စစ်ကူလာပို့သည့် ရဟတ်ယာဉ် သုံးစင်းအနက် နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများသို့ အတည်ပြုပြောဆိုသည်။
ဗန်းမော် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့စဉ် ပစ်ခတ်တိုက်ခိုက်ရာ နှစ်စင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိမှန်သည့် ရဟတ်ယာဉ်နှစ်စင်းအနက် တစ်စင်းမှာ ရွှေကူမြို့သို့ မရောက်မီ ၁၅ မိုင်ခန့်အကွာ တောထဲတွင် ပျက်ကျသွားပြီး နောက်တစ်စင်းမှာ ရွှေကူလေဆိပ်တွင် အရေးပေါ်ဆင်းသက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။
ပစ်ခတ်မှု မထိမှန်ခဲ့သည့် ကျန်ရဟတ်ယာဉ်တစ်စင်းမှာ မြစ်ကြီးနား နမ့်ပေါင်လေတပ်သို့ ဆင်းသက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။
၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလတွင်လည်း ကချင်နှင့် ရှမ်းမြောက်တို့တွင် တိုက်လေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကို KIA က ပစ်ချခဲ့သေးသည်။
ယင်းအပြင် ၂၀၂၄ခုနှစ်အတွင်း ကရင်နီနှင့် ကရင်တို့တွင်လည်း ရဟတ်ယာဉ်နှစ်စင်း ပစ်ချခံခဲ့ရသည်။