BREAKING
May 20, 2025

တနင်္သာရီတိုင်းစစ်ကောင်စီ ကုန်ပစ္စည်းများဆက်တိုက်ဖမ်းဆီး

May 20, 2025

တနင်္သာရီတိုင်းစစ်ကောင်စီသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုသည့်အဖွဲ့ကို ဖွဲ့စည်းကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

အဆိုပါအဖွဲ့ ကို ဖွဲ့စည်းပြီးနောက် ယခုလပိုင်းအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တို့တွင် စက်သုံးဆီ၊ လူသုံးကုန်များအပါအဝင် ကုန်ပစ္စည်းများကို တရားမဝင်ကုန်ပစ္စည်းများဖြစ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၃၀ ရက်က ထားဝယ်မြို့နယ်တွင် ဓာတ်ဆီ ဂါလန် ၃၀၀ နှင့် ဒီဇယ်ဆီ ဂါလန် ၁၅၀ တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

မေလ ၁ ရက်တွင်လည်း မြိတ်မြို့ အင်းလေမြိုင်စက်မှုဇုန်ရှိ ဂိုဒေါင်တစ်လုံးတွင် စားသောက်ကုန်ပစ္စည်းများကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ယင်းအပြင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံးရှိ လူသုံးကုန်ပစ္စည်းများ၊ အေးရိပ်ငြိမ်ရပ်ကွက် ကမ်းနားဆိပ်တွင် လုပ်ငန်းသုံးပစ္စည်းများလည်း မေလထဲတွင် ဆက်တိုက် ဖမ်းဆီးခဲ့သည်။

အထက်ပါ ဖမ်းဆီးမှုဖြစ်စဉ်များမှာ စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရှိရခြင်းဖြစ်သည်။

“တရားဝင်သည်ဖြစ်စေ မဝင်ဘူးဖြစ်စေ သူတို့ (စစ်ကောင်စီကို) လာဘ်ထိုးပြီးမှ အလုပ်လုပ်လို့ရတယ်ဆိုတာ ဒီကလူတွေ အကုန်သိပြီးသား။ ဖမ်းနေတယ်ဆိုတာတွေက ဟန်ပြ‌သက်သက်ပဲ။ အခု လိုင်စင်မရှိရင် စက်သုံးဆီသယ်ခွင့်မပေးဘူးလို့ သူတို့ပြောတယ်။ တစ်ပီပါကို တစ်သိန်း(ကျပ်) ပေးပြီးသယ်နေတာပဲ” ဟု ထားဝယ်မြို့ခံ စီးပွားရေးသမားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တနင်္သာရီတိုင်းတွင် ၂၀၂၄ ခုနှစ်မှစပြီး နယ်စပ်ရေးရာဝန်ကြီးဦးဆောင်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ကုန်ပစ္စည်းများကို ဆက်တိုက်ဖမ်းဆီးလာခြင်းဖြစ်သည်။

မြန်မာတစ်လုံးအတိုင်းအတာဖြင့် ဧပြီလအတွင်း တရားမဝင်ဟုဆိုသည့် ကုန်ပစ္စည်းဖမ်းဆီးရမိမှုမှ မြန်ကျပ်ငွေ သိန်းပေါင်းတစ်သောင်းကျော်ရရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။