BREAKING
May 20, 2025

ဒူတာတေးမိသားစုနှင့် ရင်ကြားစေ့ရန် လမ်းဖွင့်ထားဟု ဖိလစ်ပိုင်သမ္မတပြော

May 20, 2025

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ၎င်းအနေဖြင့် ဒုတိယသမ္မတ ဆာရာဒူတာတေး၏ မိသားစုနှင့် ဆက်ဆံရေး ပြန်အဆင်ပြေလိုကြောင်း မေလ ၁၉ ရက်နေ့က ပြောကြားလိုက်သည်။

ပြီးခဲ့သည့်အပတ်က ဆီးနိတ်ရွေးကောက်ပွဲတွင် ဆာရာဒူတာတေး ကျောထောက်နောက်ခံပြုထားသည့် ကိုယ်စားလှယ်များက မျှော်မှန်းခဲ့သည့်အရေအတွက်ထက် နေရာပိုများစွာ အနိုင်ရခဲ့ပြီးနောက် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

မေလ ၁၉ ရက်နေ့က မားကို့စ်ဂျူနီယာ၏ Facebook စာမျက်နှာပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ရန်သူအစား မိတ်ဆွေများသာ လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့ လုပ်စရာရှိတာတွေကို လုပ်နိုင်အောင် တည်ငြိမ်မှု ၊ ငြိမ်းချမ်းမှုကို ရနိုင်သလောက် လိုချင်တယ်” ဟု ၎င်းက ဆိုသည်။

မားကို့စ်ဂျူနီယာက ၎င်းနှင့် ဒူတာတေးမိသားစုအကြား အကွဲအပြဲကိစ္စနှင့် ပတ်သက်၍ ရေးကြီးခွင်ကျယ်လုပ်သည့် အသေးအမွှားကိစ္စဟု ယခင်ကလည်း ပြောဆိုခဲ့ဖူးသည်။

မစ္စတာမားကို့စ်နှင့် မစ္စဒူတာတေးတို့သည် ၂၀၂၂ အမျိုးသားရွေးကောက်ပွဲကို အနိုင်ရရန် အတူလက်တွဲခဲ့ကြသည်။ သို့သော် ၎င်းတို့အချင်းချင်းအကြား နိုင်ငံရေးအကွဲအပြဲ ပေါ်ပေါက်လာပြီး ၂၀၂၄ ခုနှစ်တွင် အစိုးရအဖွဲ့အတွင်းမှ ဆာရာဒူတာတေး နုတ်ထွက်သွားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် လွှတ်တော်အတွင်းရှိ မစ္စတာမားကို့စ်၏ မဟာမိတ်များက ဒုတိယသမ္မတ ဆာရာဒူတာတေးအား စွပ်စွဲအပြစ်တင်မှုအဆိုတင်ခဲ့ကြသည်။

သမ္မတမားကို့စ်ဂျူနီယာအား သတ်ဖြတ်ရန် ခြိမ်းခြောက်မှု ၊ ရန်ပုံငွေအလွဲသုံးစားမှု စွပ်စွဲချက်တို့ဖြင့် ဆာရာဒူတာတေးကို စွပ်စွဲအပြစ်တင်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ စွပ်စွဲချက်များကို ဆာရာဒူတာတေးဘက်က ငြင်းဆန်လျက်ရှိသည်။

ဆာရာဒူတာတေး၏ ဖခင်ဖြစ်သူ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးသည် ပြီးခဲ့သည့်အပတ်တွင် ဒါဘောင်မြို့၏ မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၎င်းအား လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုအဖြစ် လူသတ်မှုစွဲချက်ဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာပင် ယင်းသို့ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူ အဖမ်းခံမရမီကတည်းကပင် ဆရာဒူတာတေးက သူမအနေဖြင့် ဂျူနီယာမားကို့စ်နှင့် ဆက်ဆံရေးပြန်အဆင်ပြေနိုင်ခြေ မမြင်ရကြောင်း ၊ ၎င်းတို့အကြား အကွဲအပြဲမှာ ပြန်လမ်းမရှိသည့် အမှတ်ကို ရောက်ခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

Source: The Strait Times ၊ Reuters