BREAKING
May 20, 2025

အင်ဒိုနီးရှားတွင် မူးယစ်ဆေး ကန်ဒေါ်လာသန်းလေးရာကျော်ဖိုးသယ်လာသည့်စက်လှေပေါ် မြန်မာလေးဦးဖမ်းဆီးခံရ

May 20, 2025

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးများ မှောင်ခိုတင်သွင်းလာသော ငါးဖမ်းလှေတစ်စီး ဖမ်းဆီးခံရပြီး ယင်းငါးဖမ်းလှေပေါ် လိုက်ပါလာသော မြန်မာနိုင်ငံသား လေးဦးလည်း ဖမ်းဆီးခံရကြောင်း ထိုင်းနှင့် နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက် အရ သိရသည်။

မြန်မာနိုင်ငံသားလေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးလိုက်ပါလာသော “အောင်တိုးတိုး” အမည်ရှိ ငါးဖမ်းလှေကို မူးယစ် ဆေးဝါးများနှင့်အတူ မေလ ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ရီအုကျွန်းအနီးတွင် အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငါးဖမ်းလှေပေါ်တွင် ၂ တန်ခန့် အလေးချိန်ရှိသော မူးယစ်ဆေးနှင့်နှင့် ကိုကင်းများကို စစ်ဆေးတွေ့ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂၈ သန်းခန့် (ဘတ် ၁၄ ဘီလီယံခန့်) တန်ဖိုးရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော ငါးဖမ်းလှေသည် ထိုင်းနိုင်ငံအလံလွှင့်ထူထားပြီး ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားကာ ငါးဖမ်းသမား ခေါင်းဆောင်သည်လည်း ထိုင်းနိုင်ငံသားဖြစ်ကြောင်း အင်ဒိုနီးရှားဘက်က ထုတ်ပြန်သည်။

အဆိုပါလှေတွင် ငါးဖမ်းကိရိယာများကို မတွေ့ရကြောင်း အင်ဒိုနီးရှားဘက်က ဆိုသည်။

ထိုင်းအစိုးဘက်ကမူ အဆိုပါငါးဖမ်းလှေသည် ယခင်က ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ထိုမှတ်ပုံတင်ကို ရုပ်သိမ်းထားပြီးဖြစ်ကြောင်း မေလ ၁၉ရက်တွင် ပြန်လည်တုံ့ပြန်ထားသည်။

ထိုင်းရေပိုင်နက်သွားလာရေးဥပဒေအရ မှတ်ပုံတင်ထားသည့်နိုင်ငံအား မပြသနိုင်သော ငါးဖမ်းလှေများကို နိုင်ငံမဲ့အဖြစ် သတ်မှတ်ကြောင်း ထိုင်းရေကြောင်းညွှန်ကြားရေးစင်တာ MECC က ထုတ်ပြန်သည်။

ထိုင်းငါးဖမ်းသမားခေါင်းဆောင်သည် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး ရနောင်းတွင် အချိန်ကြာနေထိုင်ခဲ့သူဖြစ်ကာ ထိုင်းနှင့် မြန်မာနိုင်ငံသား နှစ်ခုစလုံး ခံယူထားသူဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောသည်။

ထို့ကြောင့် ဖမ်းဆီးခံရသော ထိုင်းငါးဖမ်းသမားခေါင်းဆောင်၏ နိုင်ငံသားဖြစ်တည်မှုကို အတည်ပြုနိုင်ရန် အင်ဒိုနီးရှားရှိ ထိုင်းတော်ဝင်သံရုံးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများနှင့် ငါးဖမ်းလှေကို တန်ဂျွန်းဘာလိုင်ကာရီမွန်ရှိ ရေတပ်စခန်တွင် ဖမ်းဆီးထားပြီး ၎င်းတို့အားလုံးတွင် တရားဝင် စာရွက်စာတမ်းများလည်း မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Khaosod English, Bangkok Post, AA, The Jakarta Post