BREAKING
May 20, 2025

VOA ရုံးချုပ်အဆောက်အအုံကို ထရမ့်အစိုးရက အရောင်းစာရင်းတင်

May 20, 2025

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ VOA ရုံးချုပ်အဆောက်အအုံကို ထရမ့်အစိုးရက မေလ ၁၆ ရက်နေ့တွင် အရောင်းစာရင်းတင်လိုက်ကြောင်း သိရသည်။

ယင်းမှာ အမေရိကန်အစိုးရပိုင် အဆောက်အအုံများကို လျှင်လျှင်မြန်မြန် ထုတ်ရောင်းရန် ထရမ့်အစိုးရ၏ အစီအစဉ်များထဲမှ တစ်ခု ဖြစ်သည်ဟု Bloomberg က ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် VOA က စာချုပ်ဖြင့် ငှားရမ်းထားသည့် လုပ်သား ၆၀၀ ကိုလည်း ထရမ့်အစိုးရက ထုတ်ပယ်လိုက်သည်။ ယင်းမှာ VOA သတင်းဌာနကို ဖျက်သိမ်းရန် ထရမ့်အစိုးရ၏ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်သည်ဟု The New York Times က ဆိုသည်။

Wilbur Cohen Federal Building ဟု ယခင်က ခေါ်ဆိုခဲ့ကြသည့် အဆိုပါ အဆောက်အအုံကို မေလ ၁၆ ရက်နေ့က အရောင်းစာရင်းတင်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန်အစိုးရအထွေထွေအုပ်ချုပ်ရေးဌာန၏ တရားဝင်ဝက်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ အဆောက်အအုံတွင် VOA ၏ မိခင်ကုမ္ပဏီ Agency for Global Media နှင့် ဖက်ဒရယ်အစိုးရ ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုဌာန၏ ရုံးခန်းများလည်း ပါရှိသည်။

ဖက်ဒရယ်အစိုးရ၏ အသုံးစရိတ်ကိုလျှော့ချလိုသည့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် ထရမ့်အစိုးရက Radio Free Europe ၊ Radio Free Asia ၊ Cuba Broadcasting Office နှင့် Open Technology Fund အပါအဝင် VOA နှင့် ဆက်စပ်ကွန်ရက်များကို ပိတ်သိမ်းရန် လုပ်ဆောင်ချိန်တွင် VOA ရုံးချုပ်အဆောက်အအုံကို ရောင်းချမည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

VOA ရုံးခန်း ငှားရမ်းခသည် လွန်စွာဈေးကြီးကြောင်းနှင့် သမ္မတထရမ့်ကိုထောက်ခံသည့် အစီအစဉ်တင်ဆက်သူများကို ရွေးချယ်အလုပ်ခန့်ထားသည့် One America News Network ကိုသာအားပြုသွားမည်ဟု ထရမ့်၏ အကြီးတန်းအကြံပေး ကယ်ရီလိတ်ခ်က ဆိုသည်။

VOA သတင်းဌာနအား ပိတ်သိမ်းမှုကို ဖယ်ဒရယ်တရားသူကြီးတစ်ဦးက ယာယီဆိုင်းငံ့ခဲ့သေးသည်။ VOA သတင်းသမားများ အလုပ်ရပ်စဲခံရတော့မည့်အခြေအနေတွင် ထရမ့်အစိုးရအနေဖြင့် VOA သတင်းဌာနအတွက် ရန်ပုံငွေဖြတ်တောက်မှုကို ဆက်လက်လုပ်ဆောင်နိုင်ကြောင်း အယူခံတရားရုံးက နောက်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

VOA ၏ အင်္ဂလိပ်ပိုင်းဝက်ဆိုဒ်တွင် ယခုနှစ် မတ်လ ၁၅ ရက်နေ့မှစ၍ ၎င်း၏ အဓိကသတင်းတင်ဆက်မှုများ ရပ်နားသွားခဲ့သည်။

ထရမ့်အစိုးရက VOA ၏ လုပ်ငန်းအများစုကို ပိတ်သိမ်းလိုက်သော်လည်း လုပ်ငန်အချို့ကိုမူ ပြန်လည်လည်ပတ်စေခဲ့ကြောင်း The New York Times က ဖော်ပြသည်။

Source: Global Times ၊ Bloomberg