တနင်္သာရီမြို့နယ်၊ သိန်းခွန်တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၃ ထံ လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာခဲ့သည်ဟု ယင်းတပ်ရင်းက ယနေ့ မေလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ဘက်ပြောင်းခိုလှုံလာသူသည် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် ခမရ ၄၃၁ စစ်ကောင်စီတပ်ရင်းမှ တပ်သားချစ်ကို ဖြစ်ပြီး မေလ ၁၅ ရက်တွင် ရှေ့တန်းစစ်မျက်နှာပြင်မှ ဆက်သွယ်၍ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကိုချစ်ကို သည် ဘက်ပြောင်းခိုလှုံလာစဥ် MA 1 သေနတ် တစ်လက်နှင့် ကျည်ဘောက်သုံးခု ယူဆောင်လာနိုင်ခဲ့သဖြင့် ယခုရက်သတ္တပတ်အတွင်း ဆုကြေးငွေချီးမြှင့်ပေးနိုင်ရန်စီစဥ်နေကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နေထိုင်သူ ကိုချစ်ကို သည် စစ်ကောင်စီတပ်၏ အဓမ္မဖမ်းဆီး စစ်သားစုဆောင်းခြင်းခံခဲ့ရပြီး ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဥ် ၈ သင်တန်းတက်ခဲ့ရကာ ခမရ ၄၁၃ တပ်သို့ ပို့ဆောင်ခံရသည်မှာ လပိုင်းခန့်သာရှိသေးကြောင်း ကာယကံရှင်၏ ပြောပြချက်ကို ကိုးကား၍ တပ်ရင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပြသည်။
” ရှေ့ဆက်ဘာဆက်လုပ်မလဲလို့ မေးကြည့်တော့စစ်ကောင်စီကို ပြန်တိုက်ဖို့ ဆန္ဒရှိတယ်လို့ပြောထားတယ်။ ဒါပေမဲ့ သူ့(ဘက်ပြောင်းခိုလှုံလာသူ)ဆုံးဖြတ်ချက် ခိုင်မာသွားအောင် သေချာဆုံးဖြတ်ဖို့ ခဏအနားယူခိုင်းပြီး သေချာစောင့်ရှောက်ပေးထားပါတယ် ” ဟု မြိတ်ခရိုင် တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံ ကပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး တနင်္သာရီ – မောတောင်လမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည်မှာ ငါးလကြာပြီဖြစ်ပြီး စစ်ကောင်စီဘက်က ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်မှုထမ်းသင်တန်းဆင်းအမြောက်အများကို အသုံးပြုနေသည်ကိုတွေ့ရကြောင်း တော်လှန်ရေးအင်အားစုများကဆိုသည်။
မေလ ၉ ရက်ကလည်း သိန်းခွန်စစ်မျက်နှာပြင်တွင် ဘုတ်ပြင်းအခြေစိုက် ခမရ ၂၂၄ မှ စစ်မှုထမ်း သင်တန်းဆင်း တပ်သားနှစ်ဦး ကေအဲန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၁ ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။
ဧပြီလ နှင့် မေလ အတွင်း တနင်္သာရီတိုင်းစစ်ဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များထံ စစ်ကောင်စီဘက်မှ ဘက်ပြောင်းလာသူ ၁၄ ဦးရှိပြီဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ဌာနထံမှသိရသည်။