ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုတ်ပြင်း လေညာတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

May 20, 2024

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် တပ်ရင်း-၁

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနှင့် လေညာတံတားစစ်ဆေးရေးဂိတ်တို့ကို မေလ ၁၇ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရဲစခန်းကို နံနက် ၇နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်အကြာတွင် လေညာတံတား စစ်ဆေးရေးဂိတ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုများပါဝင်သည့် Dragon Squad Uav Forceဒရုန်းတပ်ဖွဲ့မှ ရဲဘော်ကိုကီးက ဆိုသည်။

“ကျွန်တော်တို့ဘက်က ရဲစခန်းကို ဗုံးကြဲတယ်။ ပြီးတော့ သူတို့လေညာတံတားစစ်ဆေးရေးဂိတ်မှာ အင်အားစုနေကြောင်း သတင်းရလို့ ထပ်တိုက်ခိုက်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်မှုရှိသည်ဟု သိရသော်လည်း အသေးစိတ်ကိုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း ရဲဘော်ကိုကီးက ပြောဆိုသည်။

စစ်ကောင်စီတပ်၏ လေညာတံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၄၀ မမ လက်နက်ကြီး အပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Dragon Squad Uav Force၊ Kawthaung District Uav၊ KNLA တပ်ရင်း (၂၀၃)တပ်ခွဲ(၁) ပူးပေါင်းစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နှင့် ဘုတ်ပြင်းမြို့နယ်အစပ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ၁၀၂၀ တောင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက မေလ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စစ်ရေးအရ အရေးပါသည့် အဆိုပါစခန်းကို ပြန်လည်ရရှိရေး စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။