ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျားအက ဖျော်ဖြေရာကရသည့်အလှူငွေများ တော်လှန်ရေးတွင်ပြန်သုံးမည်ဟု မြိတ်ပကဖပြော

April 20, 2025

ဓာတ်ပုံ - မြိတ် ပကဖ

တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ် စိုးမိုးထိန်းချုပ်ရာနေရာများတွင် ရိုးရာကျားအကဖြင့် ဖျော်ဖြေရာက ရရှိသည့် အလှူငွေများကို လက်နက်ခဲယမ်းဝယ်ယူရာတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ နေရာတစ်ခုတွင် မြိတ်ပကဖ က ဦးဆောင်ပြီး ဧပြီလ ၈ရက်မှ ၁၅ရက်အထိ ရိုးရာကျားအကဖြင့် ကပြဖျော်ဖြေပြီး ရန်ပုံငွေရှာဖွေခဲ့သည်။

ထိုကဲ့သို့ ရိုးရာကျားအကဖြင့် ဖျော်ဖြေရာက ကျပ်သိန်း ၇၀ ကျော်ရရှိခဲ့ပြီး ထိုငွေအားလုံးကို လက်နက်ခဲယမ်း ဝယ်ယူရေးအတွက် အဓိကထားအသုံးပြုသွားမည်ဖြစ်ကြောင်းကို မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“၂၀၂၃တုန်းက မိုင်းအတွက် (ငွေကြေး) အခက်အခဲဖြစ်လာတော့ ဘာလုပ်မလဲတွေးရင်း သင်္ကြန်နားလည်းနီးပြီ၊ အဖွဲ့မှာလည်း ရိုးရာကျားအကကို အရင်က ကခဲ့တဲ့သူလည်းရှိတော့ အဲဒီလိုကဖို့ စဉ်းစားရင်းလုပ်ဖြစ်သွားတာ” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သင်္ကြန်ကာလတွင် ရိုးရာကျားအကဖြင့် ကပြဖျော်ဖြေပြီး ရန်ပုံငွေရှာလာသည်မှာ ယခုနှစ်သည် သုံးနှစ်မြောက် ဖြစ်ကြောင်း မြိတ် ပကဖ ထံမှ သိရသည်။

“ပြည်သူတွေကလည်း သင်္ကြန်နီးရင် အကမထွက်ဘူးလား မေးကြတယ်။ တချို့ဆိုအိမ်ခေါ်ကခိုင်းတယ်။ အလှူငွေတွေလည်း ထည့်ဝင်ပေးကြတယ်။ အလှူငွေကတော့ စေတနာပေါက်ပေါ့” ဟု မြိတ်ပကဖ ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ရိုးရာကျားအကဖြင့် ကပြဖျော်ဖြေမှုမှ ကျပ်သိန်း ၆၀ကျော် ရရှိခဲ့ပြီး လက်နက်ခဲယမ်းဝယ်ယူရေးအတွက် အဓိကအသုံးပြုခဲ့ကြောင်း မြိတ်ပကဖထံမှ သိရသည်။