BREAKING
May 1, 2025

ကြက်သံပုံးကင် ဒဏ္ဍာရီ

April 20, 2025

“ကျနော်က အသားထဲမှာ ကြက်သား အကြိုက်ဆုံးဗျ။ ချေသားတို့၊ ဆတ်သားတို့က တစ်ခါတစ်ရံမှ စားရတာမို့ တန်ဖိုးထားပြီး စားနေရတာ။ ကြက်ကတော့ အမြဲတမ်းအရသာ ရှိတယ်”

“ဒါဆိုရင် ခင်ဗျား ထွန်းငြိမ်း သူငယ်ချင်းပဲဗျ”

“ဘယ်လိုဗျာ”

“ဒီနယ်မှာတော့ ကြက်သား သိပ်ကြိုက်တဲ့လူဆိုရင် ထွန်းငြိမ်းသူငယ်ချင်းလို့ ပြောကြတယ်၊ ကလေးတွေဆိုရင်လဲ ထွန်းငြိမ်းသေလို့ ဝင်စားတာလို့ ပြောလေ့ရှိတယ်”

ဝတ္ထုထဲက စကားပြောတွေပါ။

ထိုင်းနိုင်ငံရဲ့ တစ်ခုသော တောင်ခြေရဲ့ လယ်ကွင်းဘေးက ဆိုင်လှလှကလေးမှာ ထိုင်ရင်း၊ စကားပြောရင်း နှောင်းခဲ့ပြီဖြစ်တဲ့ အဖြစ်တွေဟာ ကျနော့်စိတ်ထဲမှာ အသစ်ပြန်ဖြစ်လာခဲ့ပါတယ်။

ထွန်းငြိမ်း။ လွတ်လပ်ရေးတိုက်ပွဲဝင် ရဲဘော်တစ်ယောက်။

လွတ်လပ်ရေးပြီးချိန်မှာ အလံနီ၊ အလံဖြူ၊ ပြည်သူ့ရဲဘော် စသည်ဖြင့်ကွဲ၊ အဲဒီအောက်မှာမှ တစ်ခါထပ်ပြီး ဘယ်သူ့ဂိုဏ်း၊ ဘယ်သူ့အုပ်စု စသည်ဖြင့် အုပ်စုတွေ အဖွဲ့တွေ ထပ်ကွဲ၊ ဗိုလ်တွေ ပိုများလာခဲ့။ အချင်းချင်း တိုက်ခိုက်၊ နယ်မြေလုကြ။

ထွန်းငြိမ်းက အဲဒီထဲက တစ်ယောက်။ ကြမ်းတမ်းရက်စက်တဲ့ အုပ်စုတစ်ခုမှာ ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ရွာတွေမှာ အခွန်ကောက်တယ်၊ ဆက်ကြေးတောင်းတယ်၊ ပစ္စည်းသိမ်းတယ်၊ ဓားပြတိုက်တယ်။ သူ့ဆို တစ်နယ်လုံးက ဖိန့်ဖိန့်တုန်ကြတယ်။

အဲဒီထွန်းငြိမ်းက ကြက်ကြော်ကြိုက်တယ်။ အထူးသဖြင့် ကြက်သံပုံးကင်ဟာ သူ့အကြိုက်ဆုံး။ သူ့တပည့်တွေက မကြာခဏ ကင်ပေးရတယ်။

မှောင်ရီစ ညနေခင်း။ ဆိုင်ရဲ့ မီးလုံးဝါဝါကလေးတွေ၊ ပြီးတော့ လယ်ကွင်းစိမ်းစိမ်း။ အဝေးဆီမှာ ပြာညို့ညို့ကောင်းကင်နောက်ခံနဲ့ မှုန်မှိုင်းမှိုင်း တောင်တန်းကြီးတွေ။ မိတ်ဆွေတချို့နဲ့ ကြက်သံပုံးကင်သွားစားဖြစ်ရင်း ဆတ်သေချောင်းဒဏ္ဍာရီကို ကျနော် သတိရတယ်။ ထွန်းငြိမ်းဟာ အဲဒီဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်။ ဆတ်သေချောင်းဒဏ္ဍာရီကို သတိရမှုနဲ့အတူ ငယ်ငယ်က သူငယ်ချင်းတွေကိုလည်း ကျနော် သတိရတယ်။

ထွန်းငြိမ်းဝတ္ထုကို စဖတ်ရတာ ကြာခဲ့ပြီ။ ၁၅ နှစ်ကျော်ရော့မယ်။ ဆရာဖေမြင့်ကို ဘာသာပြန်သူအဖြစ် ကနဦးသိခဲ့ရပေမဲ့ သူ့ကိုယ်တိုင်ရေးဝတ္ထုတိုကလေးတွေကို ကျနော် တော်တော်တမ်းညွတ်ခဲ့တယ်။ မရဏာနုဿတိတို့၊ ကျွန်းတို့ဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွေကို အရင်ဖတ်ဖူးခဲ့ပြီ။ အခုတစ်အုပ်ကို ကျနော် မဖတ်ဖူးသေးဘူး။

ကျနော်ဖတ်ပြီးသွားတော့ သူငယ်ချင်းတွေ တစ်လှည့်စီဖတ်ကြတယ်။ ဖတ်မိ၊ ကြိုက်မိတာတွေအကြောင်း ပြန်ပြောဖြစ်ကြတယ်။ ဒီအထဲမှာ ထွန်းငြိမ်းအကြောင်းက မပါမဖြစ်။ ထွန်းငြိမ်းအကြောင်းပြောရင် ကြက်သံပုံးကင်အကြောင်းလည်း မပါမဖြစ်။

ကျနော်တို့ဟာ ရွာမှာနေကြတယ်ဆိုပေမဲ့ ကြက်သံပုံးကင်ကို မသိခဲ့ကြ၊ မကြားဖူးခဲ့ကြ။ ကြက်တစ်ကောင်လုံးကို တံစို့နဲ့ထိုး၊ ပြီးရင် မြေမှာစိုက်၊ သံပုံးအုပ်၊ ပြီးရင် အပေါ်ကနေ ကောက်ရိုးတွေဖုံးပြီး မီးရှို့၊ ကောက်ရိုးကုန်တာနဲ့ အထဲကကြက်သားဟာ နူးအိမွှေးပျံ့။ ဒီတော့ သံပုံးကင်ဆိုတာက စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။ ပြောရင်းဆိုရင်း မျက်လုံးထဲမြင်ပြီး လျှာလေး တသပ်သပ်။ ကျနော်တိို့မှာ အဲဒီလို မလုပ်နိုင်စရာမရှိဘူး။

“တစ်နေ့ကျရင် ငါတို့လုပ်စားကြရအောင်ကွာ” လို့ ကျနော်တို့ တစ်ယောက်ကို တစ်ယောက် ပြောဖြစ်ကြတယ်။

ဒါပေမဲ့ ကျနော်တို့ မလုပ်ဖြစ်ခဲ့ကြဘူး။ အကြောင်းကတော့ ကျနော်အပါအဝင် သူငယ်ချင်းတွေ တကွဲတပြား ဖြစ်ခဲ့ကြလို့ပဲ။ ကျနော်တို့ တစ်ယောက်ပြီးတစ်ယောက် ရွာကိုစွန့်ခွာခဲ့ကြတယ်။ ဒေသအသီးသီးဆီကို အလုပ်အမျိုးမျိုးကိုယ်စီနဲ့၊ ရေကြည်ရာ မြက်နုရာ။

ဒီလိုနဲ့ ကျနော်တို့တွေအကြားမှာ ကြက်သံပုံးကင်ဟာ ဒဏ္ဍာရီတစ်ခုလို ဖြစ်သွားခဲ့တယ်။

နှစ်တချို့ကြာပြီးတဲ့အခါ အဲဒီဝတ္ထုကို ရုပ်ရှင်ရိုက်တယ်ဆိုတဲ့ သတင်းတွေ့ရတယ်။ ကျနော်က အဲဒီဘက်မှာ စိတ်ဝင်စားသူမဟုတ်တော့ ရိုက်ပြီးခဲ့ပြီလား၊ ရုံတင်ပြီးခဲ့ပြီလားဆိုတဲ့ နောက်ဆက်တွဲတွေကို မသိဘူး။

ဒီလိုနဲ့ပါပဲ။ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ ကျနော်ကို ရွာကို ပြန်ရောက်ဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေလည်း ရွာမှာ ပြန်စုံနေခဲ့တယ်။ ဒါပေမဲ့ သံပုံးကင်ကိစ္စကို စကားမစနိုင်ခဲ့ကြ။

သိပ်မကြာခင်မှာ ကျနော်ဟာ အထဲကို ရောက်သွားခဲ့တယ်။ လတချို့ကြာပြီးတဲ့အခါ ကျနော်တို့အုပ်စုထဲက တစ်ယောက်ဟာလည်း ကျနော့်နောက်ကို လိုက်လာခဲ့တယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီမှာ ထွန်းငြိမ်းဆိုတဲ့ ခေတ်သစ်လူမိုက်တစ်ယောက်အကြောင်းကြားရတော့ ကျနော်နဲ့ သူ တစ်ယောက်ကို တစ်ယောက် ကိုယ်စီအဓိပ္ပာယ်နဲ့ ကြည့်ဖြစ်ခဲ့ကြတယ်။ နှစ်နည်းနည်းလောက်နေပြီးတဲ့အခါ ကျနော်တို့ကို ရှေ့ဆင့်နောက်ဆင့်အပြင်ကို ပြန်ရောက်ခဲ့ကြတယ်။ ကျနော်ကတော့ ထိုင်းကို ထွက်လာနိုင်ခဲ့တယ်။

ဒီလိုနဲ့ပဲ နေသားကျနေရင်း ကြက်သံပုံးကင်ဆိုတာကို ကျနော့်အာရုံထဲမှာ လုံးဝမေ့သွားသလောက် ဖြစ်ခဲ့ပါပြီ။ ကိုယ့်ဘာသာကင်စားနိုင်တဲ့ အခြေအနေလည်း ရှိမနေတော့ဘူးမဟုတ်လား။ ဒါပေမဲ့ သံပုံးဟာ တဒေါင်ဒေါင်မြည်ပြီး ကျနော့်ဆီကို နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့ပြန်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ရှုခင်းကောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ညွှန်းပေးလာတာပါ။ ရှုခင်းထက် ပိုပြီးစိတ်ဝင်စားစေတာက ကြက်သံပုံးကင်ပါပဲ။

ဒါပေမဲ့ လတချို့ကြာတဲ့အထိ ဆိုင်ကို မရောက်ဖြစ်ခဲ့။ ဟိုးတစ်ရက်ကတော့ တခြားမိတ်ဆွေတွေက အဲဒီဆိုင်အကြောင်း ထပ်ပြောလာပြန်ပါတယ်။ ဒီတစ်ခါတော့ ကျနော်တို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့တယ်။

ဆိုင်က တောင်ခြေလယ်ကွင်းကလေးရဲ့ ဘေးမှာ။ ဆိတ်တယ်၊ ငြိမ်တယ်။ မြို့ပြအငွေ့အသက်တွေ ကင်းတယ်။ လယ်ကွင်းကလေးရဲ့ဘေး မြေကွက်လပ်ကလေးမှာ မီးကျွမ်းထားတဲ့ သံပုံးတွေ၊ ကောက်ရိုးပြာတွေ။ ဆိုင်ကဝန်ထမ်းကောင်လေး လုပ်ကိုင်ပုံတွေကို ကျနော် အနီးကပ်သွားပြီး ကြည့်နေခဲ့တယ်။ ဗီဒီယိုရိုက်တယ်။ ပုံရိုက်တယ်။

သူ့လုပ်နည်းလုပ်ဟန်က ဝတ္ထုထဲကနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒေသကွဲ၊ နိုင်ငံကွဲတော့ နည်းနည်းတော့ မတူတာလည်း ရှိတာပေါ့။ တစ်ကောင်ကင်ပြီးဖို့ လေးဆယ့်ငါးမိနစ်လောက် စောင့်ရတယ်။ ရပြီဆိုတာနဲ့ ကျနော်တို့ဝိုင်းကို လာချပေးတယ်။ ငယ်ငယ်က စားဖူးကြည့်ချင်ခဲ့တဲ့အရာ။ ဝတ္ထုဖတ်တုန်းက မျက်လုံးထဲမှာ မြင်ယောင်နေတဲ့ ပုံစံကို ကျနော်ပြန်တွေးကြည့်တယ်။

ပထမဆုံးကြက်သားတစ်စကို ဖဲ့ယူလိုက်ပြီး ဝါးလိုက်တဲ့အခါ မျှော်လင့်ထားတဲ့ အရသာမျိုး ဟုတ်မနေဘူးဆိုတာကို သတိပြုမိတယ်။ နူးအိမနေဘူး။ အနံ့ကလည်း သိသိသာသာ မွှေးပျံ့မနေဘူး။

ကြည့်ရတာ ဝန်ထမ်းကောင်လေးဟာ ထွန်းငြိမ်းရဲ့ တပည့်တွေလောက် အတွေ့အကြုံမရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒေသနဲ့ နိုင်ငံမတူ၊ အကြိုက်မတူလို့ အရသာကွဲတာလည်း ဖြစ်နိုင်ပါတယ်။

ထွန်းငြိမ်းဟာ ကျနော့်အာရုံထဲကို ဝင်လာပြန်တယ်။

ထွန်းငြိမ်းဟာ လက်နက်ကို အနုပညာပစ္စည်းတစ်ခုလို ခုံမင်တယ်။ စခန်းမှာ သူ့စိတ်ကြိုက် ကိုယ်ပိုင်သေနတ်တွေ သေတ္တာနဲ့ တစ်လုံးရှိတယ်။ ဒါ့အပြင် ဓားကိုင်ကျွမ်းကျင်တယ်။ ဓားပေါက် လက်ဖြောင့်တယ်။

ဒီလိုနဲ့ လူသတ်တာ ယဉ်လာတယ်။ အစကတော့ ရန်သူ့သူလျှိုလိုလူမျိုးတွေ၊ သတင်းပေးဒလန်တွေမျိုးကို ဖမ်းဆီးစစ်ဆေးပြီး သေဒဏ်ပေးတဲ့အနေနဲ့ သတ်တယ်။ နောက်တော့ ထစ်ခနဲရှိရင် သတ်တတ်လာတယ်။ တစ်ယောက်ချင်းလည်း သတ်တယ်။ အစုအပြုံလိုက်လည်း သတ်တယ်။ သူသတ်ပြီး မြှုပ်ထားခဲ့တဲ့ အလောင်းတွေဟာ တောင်ခြေမှာ အနှံ့။ နောက်တော့လည်း သူဟာ ဇာတ်သိမ်းမလှခဲ့ပါဘူး။ ဆတ်သေချောင်းထဲမှာပဲ သေနတ်ဒဏ်ရာပေါင်းများစွာနဲ့ သိမ်းခဲ့တယ်။

ညဟာ တစစ မှောင်လာခဲ့တယ်။ မီးလုံးဝါဝါကလေးတွေက ပိုပြီး လင်းလာခဲ့တယ်။

ကောင်းကင်နဲ့ ဝန်းကျင်ကတော့ လုံးဝ မှောင်ကျသွားခဲ့ပြီ။ တောင်ကုန်းပေါ်က စေတီဖြူဖြူဟာ မီးရောင်နဲ့အတူ ဝင်းလက်လို့နေတယ်။

အခုရော ထွန်းငြိမ်းလိုလူတွေ ရှိနေသေးသလား၊ ကျနော် မပြောတတ်ဘူး။

ငြိမ့်လွင့်