ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက်ဒေသတွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိ ပေးဝယ်ရ

March 20, 2026

ပုံစာ - ကံပေါက်ကျောက်တိုင်လမ်းဆုံ။ ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ယနေ့ မတ်လ ၂၀ ရက်၌ ဓာတ်ဆီတစ်လီတာကို ကျပ်တစ်သောင်းအထိ ပေး၍ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်ပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ရောင်းချနေခြင်းဖြစ်ကာ ဓာတ်ဆီနည်းနေ၍ ဆိုင်တစ်ဆိုင်လျှင် တစ်နေ့ နှစ်နာရီခန့်သာ ရောင်းချကြောင်းသိရသည်။

“ဆီက သွားတန်းစီရတယ်။ ဆိုင်တစ်ဆိုင်မှာ သူတို့ရှိသလောက် ရောင်းပေးနေတယ်။ ရောင်းပေးတာက တစ်ဆိုင်ကို နှစ်နာရီလောက်ပဲ၊ ရောင်းပေးပြီးရင် ကုန်သွားတယ်။ မနေ့က (မတ် ၁၉) လုံးဝပြတ်သွားပြီး ဒီနေ့ ပြန်ရတော့ သောင်းဂဏန်းဈေး ရှိနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကံပေါက်ဒေသအနီးရှိ ကလိန်အောင်မြို့တွင်လည်း ယင်းဈေးနှုန်းအတိုင်းပင် ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

စက်သုံးဆီဆိုင်အချို့မှာလည်း ဖြန့်ဖြူးရောင်းချရန် ဆီဝယ်ယူ၍ မရသဖြင့် ပိတ်ထားကြသည်မှာ ရက်သတ္တပတ် နှစ်ပတ်ကျော်လာပြီဖြစ်ပြီး ဓာတ်ဆီတစ်ပီပါလျှင် ကျပ်သိန်းနှစ်ဆယ်ကျော် အထိပေးဝယ်ရကြောင်း စက်သုံးဆီရောင်းသည့် အသိုင်းအဝိုင်းထံမှ သိရသည်။

“ဒီလို ဆီပြတ်တာ လေးခါလောက် ကြုံဖူးတယ်။ အရင်အခေါက်တွေက နှစ်ပတ်လောက်ကြာရင် ပြန်ပြေလည်သွားတယ်။ အခုက ပိုကြာဦးမယ် ထင်တယ်။ ဆီမရှိလို့ ဆိုင်မဖွင့်ရတာ နှစ်ပတ်ကျော်ပြီ” ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ကံပေါက်၌ ဓာတ်ဆီတစ်လီတာဈေးမှာ ၂,၈၀၀ ကျပ်၊ ၂,၉၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ တစ်ကမ္ဘာလုံးကြုံတွေ့ရသည့် စက်သုံးဆီအခက်အခဲများနှင့် ကြုံတွေ့ရပြီးနောက် မတ်လတွင် တဖြည်းဖြည်း ဈေးတက်လာကာ တစ်လီတာလျှင် ကျပ်တစ်သောင်းဝန်းကျင်အထိ ဈေးရှိလာခြင်းဖြစ်သည်။

ကံပေါက်ဒေသအတွင်းရှိ စစ်အာဏာရှင်တပ်က လမ်းပိတ်ဆို့ဖြတ်တောက်ထားသည့် ကျေးရွာများတွင်မူ ဓာတ်ဆီတစ်လီတာလျှင် ကျပ်တစ်သောင်းကျော် ဈေးရှိကြောင်း ကျေးလက်ဒေသခံများထံမှ သိရသည်။

ကံပေါက်ဒေသသည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၏ ကုန်တွင်းပိုင်းလုပ်ကွက်အချို့ အခြေစိုက်ရာဒေသဖြစ်ပြီး ထားဝယ်ခရိုင်သို့ လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် ဓာတ်အားဖြန့်ဖြူးရေး မီးစက်ရုံတည်ရှိရာ ဒေသလည်း ဖြစ်သည်။