အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို သိမ်းယူရန် ကြိုးပမ်းမှုကြောင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်၏ ကျူးကျော်သိမ်းပိုက်မှုကို စိုးရိမ်သဖြင့် ဒိန်းမတ်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် ယခုနှစ် ဇန်နဝါရီလ အတွင်းက ဂရင်းလန်းသို့ တပ်ဖွဲ့များစေလွှတ်ချထားခဲ့ကြောင်း ဒိန်းမတ်အခြေစိုက် DR သတင်းဌာနက မတ်လ ၁၉ ရက်တွင် ဖော်ပြသည်။
ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေသို့ ယင်းသို့ တပ်ဖွဲ့များ စေလွှတ်ချထားရန် ဇန်နဝါရီလ ၁၃ ရက် ရက်စွဲပါ စစ်ဆင်ရေးအမိန့်စာ တစ်စောင်ကို မြင်တွေ့ခဲ့ရကြောင်း DR သတင်းဌာနက ဖော်ပြသည်။
အဆိုပါ စစ်ဆင်ရေးအမိန့်စာတွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ပြီးနောက် ဂရင်းလန်းကျွန်းကို ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည့် ယင်းစစ်ဆင်ရေးအကြောင်း ဖော်ပြထားသည်။
“ထရမ့်က ဂရင်းလန်းကို ဝယ်ချင်တယ်လို့ အမြဲပြောနေတာရယ်၊ ဗင်နီဇွဲလားမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မြင်တွေ့ ရတာရယ်ကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေအရပ်ရပ်ကို ကျွန်တော်တို့ အလေးအနက်ထား စဉ်းစားခဲ့ရပါတယ်” ဟု အမည်မဖော်လိုသည့် ဒိန်းမတ်စစ်ဘက်အရာရှိတစ်ဦးက DRသတင်းဌာနသို့ ပြောကြားခဲ့သည်။
“အမေရိကန်အစိုးရ တရားဝင် အလုပ်လုပ်နေပုံတွေက အရင်ကလို မဟုတ်တော့ဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

“Arctic Endurance” ဟု အမည်ပေးထားသည့် နေတိုး (NATO) အဖွဲ့၏ စစ်ရေးလေ့ကျင့်မှု ခေါင်းစဉ်အောက်တွင် ဒိန်းမတ် တပ်ရင်းတစ်ခုနှင့် အထူးတပ်ဖွဲ့များအပြင် ပြင်သစ်တောင်ပေါ် တိုက်ခိုက်ရေးအထူးတပ်ဖွဲ့များ၊ ဂျာမနီနှင့် ဆွီဒင်စစ်သား များကိုပါ ဂရင်းလန်းသို့ စေလွှတ်ခဲ့ကြောင်း DRသတင်းဌာနက ဖော်ပြသည်။
ယင်းသို့ တပ်ဖွဲ့များ စေလွှတ်မှုမှာ စစ်ရေးလေ့ကျင့်မှုတစ်ခုမဟုတ်ဘဲ အမှန်တကယ် တပ်ဖြန့်ချထားခြင်းဖြစ်ကြောင်း အခြားသတင်းအရင်းအမြစ်တစ်ခုက DR သတင်းဌာနကသို့ ပြောကြားခဲ့သည်။
အဆိုပါတပ်ဖွဲ့များကို ဂရင်းလန်းကျွန်းသို့ စေလွှတ်ရာတွင် သွေးလိုအပါက အသုံးပြုရန် သွေးအိတ်များနှင့် ဖောက်ခွဲရေး ပစ္စည်းများကိုပါ တစ်ပါတည်း ထည့်ပေးလိုက်ခြင်းက ယင်းမှာ စစ်ရေးလေ့ကျင့်မှု မဟုတ်ကြောင်း သက်သေပြနေသည်ဟု အဆိုပါ သတင်းအရင်းအမြစ်က ထောက်ပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဒိန်းမတ်စစ်တပ်၊ ဒိန်းမတ်အစိုးရနှင့် ဂရင်းလန်းအစိုးရတို့က တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုခြင်း မရှိကြသေးပေ။
Ref: AFP







