ထားဝယ်မြို့တွင် ယနေ့ စက်သုံးဆီ တစ်လီတာ ကျပ်တစ်ထောင်ကျော် စျေးမြင့်တက်လာပြီး မြို့တွင်း မြို့ပြင် သယ်ယူပို့ ဆောင်ခများလည်း စျေးတက်ကြောင်း ခေါက်တိုအငှားယာဉ်လုပ်ငန်းလူသူများနှင့် နယ်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း လုပ်သူများက ပြောသည်။
ထားဝယ်မြို့တွင် မတ်လ ၁၉ရက်က စစ်ကော်မရှင်၏ စက်သုံးဆီရည်ညွှန်းစျေးမှာ 92 ဓာတ်ဆီတစ်လီတာ ၂၉၆၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၃၆၉၅ ကျပ် ရှိသည်။
ယနေ့ မတ်လ ၂၀ရက်တွင် 92 ဓာတ်ဆီတစ်လီတာ ၃၇၄၅ ကျပ်နှင့် ဒီဇယ်ဆီတစ်လီတာ ၄၉၅၅ ကျပ်သို့ စျေးတက်သွား သည်။
ထို့ကြောင့် တစ်ရက်အတွင်း ဓာတ်ဆီတစ်လီတာလျှင် ၇၈၀ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၁၂၆၀ ကျပ် စျေးတက်သွားခြင်း ဖြစ်သည်။
စက်သုံးဆီစျေးတက်သဖြင့် မြို့တွင်း မြို့ပြင် ဆိုင်ကယ်ကယ်ရီခများမှာလည်း ယနေ့ စျေးစတက်ပြီး ထားဝယ်ဆေးရုံနှင့် ထားဝယ်စျေးကြီးတို့မှ မြို့ပြင်သို့ ဆိုင်ကယ် ကယ်ရီခမှာ ကျပ် လေးထောင်မှ ယနေ့ ကျပ် ငါးထောင်သို့ စျေးတက်သွား ကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ဆိုသည်။
“မကိုက်တော့လို့ စျေးတင်လိုက်ရတာပါ။ ကျွန်တော်တို့ အရင်က မြို့တွင်းကနေ မြို့ပြင်ဆိုရင် သုံးထောင့်ငါးရာကျပ်ကနေ လေးထောင်ကျပ်ပဲရှိတယ်။ အခု ငါးထောင်ယူတယ်၊ ဒီနေ့ကစပြီး ကျပ်တစ်ထောင် တက်လိုက်တာပါ” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် လောင်းလုံးမြို့အောက်ဘက်မှ ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် အိုးဝေသုံးဘီးခမှာ ယခင်က လူတစ်ယောက် တစ်သောင်းကျပ် ယူရာမှ ယနေ့မှစ၍ ၁၅၀၀၀ ကျပ်ဖြစ်သွားပြီး ကျပ်ငါးထောင်စျေးတက်သွားကြောင်း အိုးဝေသုံးဘီး အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။
“အခုက လူ (ခရီးသည်) ရှိလို့ ဆီမရရင်လည်း ဆင်းမရဘူး။ ဆီရလို့ လူမရှိပြန်လည်း ဆင်းလို့မရဘူး။ တော်တော်ခက်တယ် လုပ်စားရတာ” ၎င်းက ပြောသည်။
ယနေ့ ဆီဆိုင်ကြီးများတွင် ဆိုင်ကယ်တစ်စီးလျှင် စက်သုံးဆီ ကျပ်ငါးထောင်ဖိုးသာ ရောင်းချပေးနေကြောင်း စုံစမ်းသိရသည်။
ပြင်ပ စျေးကွက်တွင်မူ ယနေ့ ဓာတ်ဆီတစ်လီတာ ခုနစ်ထောင်ကျပ်ခန့် စျေးပေါက်နေကြောင်း ထားဝယ်မြို့ခံအချို့ထံမှ သိရသည်။
ထားဝယ်မြို့အပါဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ယနေ့ စက်သုံးဆီရည်ညွှန်းစျေးများမှာ ကျပ် ခုနစ်ရာကျော်မှ ကျပ် တစ်ထောင်ကြား စျေးမြင့်တက်သွားသည်။







