စက်သုံးဆီဝယ်ယူရခက်ခဲပြီး ဈေးအဆမတန်မြင့်တက်နေသောကြောင့် ထားဝယ်ခရိုင်ရှိ ခရီးသည်တင်သုံးဘီးကား ငှားရမ်းခ ဈေးနှုန်းလည်းမြင့်တက်သွားကြောင်း ခရီးသည်အချို့က ပြောသည်။
အိန္ဒိယနိုင်ငံထုတ် သုံးဘီးကား ခရီးတစ်ခေါက်လျှင် ခရီးအကွာအဝေးအပေါ်မူတည်ပြီး ကျပ် ငါးထောင်မှ နှစ်သောင်းကြား အထိ စျေးမြင့်တက်သွားကြောင်း ၎င်းတို့က ဆိုသည်။
“ကျွန်မတို့ အရင်ငှားနေကျ အသွားအပြန်တစ်ခေါက်ကို သုံးသောင်း (ကျပ်) ပေးရတယ်။ အခု လေးသောင်းငါးထောင် (ကျပ်) ဖြစ်သွားပြီ” ဟု ထားဝယ်မြို့မှ မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
ထားဝယ်မြို့နှင့် မိုင် ၂၀ ခန့်အကွာ အသွားအပြန် ခရီးစဉ်တစ်ခေါက်လျှင်ပင် ယခင်ကထက် ကျပ် တစ်သောင်းငါးထောင် မြင့်တက်သွားခြင်း ဖြစ်သည်။
စက်သုံးဆီ ဝယ်ယူရခက်ခဲခြင်း၊ ဈေးကြီးခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးမြင့်တက်သွားရခြင်းဖြစ်ကြောင်း သုံးဘီးမောင်းသမားတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ အပင်အပန်းခံပြီး တန်းစီရင်တောင် တစ်ဆိုင်မှာ ငါးထောင်ဖိုးပဲရတာ။ ငါးထောင်ဖိုးဆို တစ်လီတာကျော်ကျော်လေးပဲ ရှိသေးတယ်ဗျ။ အဲဒီလောက်နဲ့ ကျွန်တော်တို့ သွားလို့ ဘယ်လိုမှ မလောက်ဘူး။ နယ်မှာဝယ်ရင် ဒီထက်တောင်ဈေးကြီးသေးတယ်” ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့တွင် ခရီးသည်တင် သုံးဘီးတစ်စီးလျှင် စက်သုံးဆီ ငါးထောင်ကျပ်ဖိုးသာ ရောင်းချပေးသဖြင့် တစ်လီတာ ကျပ် ခုနစ်ထောင်အထိ ဈေးကြီးပေးဝယ်ရသည့် ဆိုင်များတွင် ဝယ်ယူပြီး သွားလာနေရကြောင်း နယ်သုံးဘီးသမားများက ပြောဆိုသည်။
ယင်းအပြင် အိမ်စီးကားဖြင့် ထားဝယ်မြို့သို့ ပြေးဆွဲနေသူတို့မှာ သုံးဘီးထက်ပင် ဈေးကြီးသေးကြောင်း ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နယ်ဒေသခံများသည် ထားဝယ်မြို့သို့ သွားရောက်ပါက လမ်းခရီးတွင် အန္တရာယ်ကြုံနိုင်ခြင်း၊ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တို့တွင် စစ်ဆေးတင်းကျပ်ခြင်းတို့ကြောင့် ကိုယ်ပိုင်ဆိုင်ကယ်အစား အိန္ဒိယနိုင်ငံထုတ် သုံးဘီးများနှင့် အိမ်စီးကားများကို ငှားရမ်း အသုံးပြုလာကြသည်။
ထားဝယ်မြို့တွင် စက်သုံးဆီတစ်လီတာ ကျပ် သုံးထောင်ကျော်သာရှိသော်လည်း နယ်ကျေးရွာများတွင်မူ အနိမ့်ဆုံး ကျပ် ခုနစ်ထောင်အထိ စျေးမြင့်တက်လျက်ရှိသည်။







