ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နွန်ထဘူရီတွင် စျေးရောင်းသည့် မြန်မာဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရ

March 20, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်ရှိ မြန်မာဈေးဆိုင်ကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး ဈေးရောင်းနေသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၁၉ ရက် ညနေ ၅ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ တိုက်ခန်းတွဲတွင် မြန်မာနိုင်ငံသားများ ဈေးဆိုင် ဖွင့်လှစ်ရောင်းချနေကြောင်း သတင်းရရှိသဖြင့် ဘန်းယိုင်အုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ဆိုင်ထဲတွင် အသက် ၄၀ ကျော်အရွယ် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ဆိုင်ဖွင့်ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ ကြောင်း သတင်းတွင် ဖော်ပြသည်။

ဆိုင်ထဲတွင် မြန်မာနိုင်ငံက တိုက်ရိုက်တင်သွင်းထားသော မြန်မာစားစရာ၊ ဆန်၊ ဘီယာအရက်နှင့် ကုန်ပစ္စည်းများကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

မြန်မာဆိုင်ကို ထိုင်းနိုင်ငံသားတစ်ဦးက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဇနီးမောင်နှံနှစ်ဦးက တစ်ရက် ၃၅၀ ဘတ်ဖြင့် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း အာဏာပိုင်များထံ ထွက်ဆိုထားကြောင်း ဆိုသည်။

အာဏာပိုင်များ ဝင်ရောက်စစ်ဆေးစဉ် မြန်မာအမျိုးသမီးက ရေခဲသုပ် ကျွေးမွေးခဲ့သေးကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများက ကိုယ်တိုင်ဈေးဆိုင်ဖွင့်၍ ရောင်းချခွင့် မရှိသလို အလုပ်သမားအနေဖြင့်လည်း ဆိုင်ရှေ့ ဈေးရောင်းချ၍ ငွေလက်ခံပိုင်ခွင့် မရှိပေ။

အကယ်၍ အလုပ်ရှင်ထံတွင် ဆိုင်ရှေ့ဈေးရောင်းလိုပါက “ခိုင်ခွန်နာ့လန်း” ဟုခေါ်သည့် ဆိုင်ရှေ့ဈေးရောင်းချခွင့်ကတ်ပြားကို အလုပ်သမားရုံးတွင် လျှောက်ထားပြီး လုပ်ကိုင်ရမည်ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဘန်းယိုင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး တားမြစ်ထားသော လုပ်ငန်းတွင် ဝင်လုပ်နေသဖြင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Joe Joe, khaosod