ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ကော်မရှင်တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူ

March 20, 2026

စစ်အုပ်စု စိတ်ကြိုက်ပုံဖော်ပြီး လွှမ်းမိုးကြီးစိုးထားသည့် တနင်္သာရီတိုင်းလွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးမြတ်ကိုအား ရွေးချယ်လိုက်သည်။

ယနေ့ (မတ်လ ၂၀ရက်) ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်အစည်းအဝေးတွင် စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးမြတ်ကို ကိုပင် တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင် သယံဇာတရေးရာတိုင်းဝန်ကြီး တာဝန်ယူထားသူ ဦးခင်မောင်မြင့်ကို တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။

စစ်အရာရှိဟောင်းဖြစ်သည့် ဦးမြတ်ကိုသည် ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး အာဏာသိမ်းကာလ စစ်ကော်မရှင်လက်ထက်တွင်လည်း တိုင်းဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်ခံရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ထားသည့် ဦးခင်မောင်မြင့်သည် စစ်တပ်လက်အောက်ခံ ရဲအရာရှိဟောင်း ဖြစ်သည်။

ဦးခင်မောင်မြင့်သည် စစ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းသည့် တိုင်းစစ်ကောင်စီတွင် အဖွဲ့ဝင်ဖြစ်လာပြီး တိုင်းစစ်ကောင်စီ၏ သယံဇာတရေးရာဝန်ကြီး ဖြစ်လာသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲကိုမူ ရေဖြူမြို့နယ် မဲဆန္ဒနယ် (FPTP မဲအများဆုံးရသူယူစနစ်) မှ စစ်အုပ်စု ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့သည်။

၎င်း၏ မဲဆန္ဒနယ်တွင် ပြိုင်ဘက် မရှိသဖြင့် မဲပုံး မထောင်ရဘဲ ကိုယ်စားလှယ်ဖြစ်လာသူဖြစ်သည်။

နောက်ဖြစ်လာမည့် စစ်အုပ်စု၏ တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာကိုမူ မတ်လ ၂၇ ရက် နောက်ပိုင်းမှသာ ခန့်အပ်မည်ဟု ခန့်မှန်းရကြောင်း အထက်ပါနီးစပ်သူက ပြောသည်။

လတ်တလောတွင် တိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားတစ်ပြေးနေသူမှာလည်း ကြံခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သော စစ်အရာရှိဟောင်း တစ်ဦးဖြစ်သည်။

တနင်္သာရီတိုင်းလွှတ်တော်အတွက် မဲအများဆုံးရသူယူစနစ် (FPTP) ဖြင့် ကိုယ်စားလှယ် ၁၀ ဦး၊ အချိုးကျကိုယ်စားပြု စနစ် (PR) ဖြင့် ၁၀ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၀ ဦးနှင့် စစ်အာဏာရှင်တပ် ကိုယ်စားလှယ် ၇ ဦးရှိသည်။

FPTP စနစ်ဖြင့် အနိုင်ရသူ ၁၀ ဦးတွင် ကြံ့ခိုင်ရေးပါတီ (USDP) က ကိုးဦးနှင့် ပြည်သူ့ပါတီက တစ်ဦးဖြစ်ပြီး PR စနစ်တွင်မူ ကြံ့ခိုင်ရေးပါတီက ငါးဦး၊ ပြည်သူ့ပါတီက သုံးဦးနှင့် လယ်သမားပါတီက နှစ်ဦး အနိုင်ရထားသည်။

မြန်မာစစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီး အသိအမှတ် မပြု ကြောင်း အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုထားကြသလို တရားဝင်မှု အတုဖန်တီးကာ အာဏာဆက်လက်ရယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း ဝေဖန်ပြောဆိုထားသည်။