ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ တွင် ကျုးကျော်မည် မဟုတ်ဟု ကန်ထောက်လှမ်းရေးအစီရင်ခံစာဖော်ပြ

March 20, 2026

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ခုနှစ်တွင် ကျူးကျော်တိုက်ခိုက်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း မတ်လ ၁၈ ရက်က ထုတ်ပြန်သည့် အမေရိကန်အစိုးရ၏ နှစ်ပတ်လည် ခြိမ်းခြောက်မှုဆိုင်ရာ အကဲဖြတ်အစီရင်ခံစာတွင် ဖော်ပြသည်။

သို့ရာတွင် တရုတ်က ထိုင်ဝမ်ကို စစ်အင်အားမသုံးဘဲ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ်အစိုးရက မတ်လ ၁၉ရက်တွင် ပြင်းပြင်းထန်ထန် တုံ့ပြန်ကန့်ကွက်ခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ၎င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောဆိုထားပြီး ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံး သိမ်းပိုက်ခြင်း မပြုပါဟု ကတိပြုထားခြင်း မရှိပေ။

မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများနှင့် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

တရုတ်ခေါင်းဆောင်များအနေဖြင့် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများက သုံးသပ်ထားသည်ဟု အမေရိကန်အစိုးရ၏ နှစ်ပတ်လည်ခြိမ်းခြောက်မှုဆိုင်ရာ အကဲဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်ဝမ်ကို တရုတ်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက်လည်း တရုတ်အစိုးဘက်က သတ်မှတ်ထားသည့် အချိန်ဇယား မရှိကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ ထိုင်ဝမ်အရေးသည် တရုတ်၏ ပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ကြာသပတေးနေ့က တုံ့ပြန်ခဲ့သည်။

အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့် ပတ်သက်၍ ပြောဆိုပြုမူ လုပ်ကိုင်ရာတွင် သတိထားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

“အမေရိကန်အနေနဲ့ တရုတ်အပေါ်ထားရှိတဲ့ အမြင်ကို ပြင်ဆင်သင့်ပါတယ်။ တရုတ်နိုင်ငံက ခြိမ်းခြောက်နေတယ်ဆိုတဲ့ ချဲ့ကား ပြောဆိုဝါဒဖြန့်မှုတွေကို ရပ်တန့်သင့်ပါတယ်” ဟု ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၇ ခုနှစ်သည် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မှု ဖြစ်ပွားနိုင်သည့် အလားအလာရှိသော နှစ်အဖြစ် သတိပေးခဲ့ဖူးသည်။

Source: AFP