သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်ရွာများကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် နေသည်မှာ ၁၀ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း ဒေသခံများ၊ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
သရက်ချောင်းမြို့နယ် အောက်ပိုင်း မြိတ်-ထားဝယ်အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက မတ်လ ၁၁ ရက်တွင် သိမ်းယူနိုင်ခဲ့သည်။
ဝင်းဝစခန်းမှ ထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်နှင့် စစ်ကူလာသည့် စစ်ကြောင်းတို့သည် ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်တွင် ပိတ်မိနေပြီး ပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်။
စစ်အာဏာရှင်တပ်က ဂုံညှင်းဆိပ်ရွာ၊ ဆီတောနှင့် ဆီဒတ်ကျေးရွာများကို မတ်လ ၁၁ ရက်မှ ယနေ့ ၂၀ ရက်နေ့အထိ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဆိုသည်။
မတ်လ ၁၉ရက် ညနေ ၆နာရီခွဲကျော်မှ ည ၈နာရီခန့်အထိ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဂုံညှင်းဆိပ်၊ ဆီတော၊ ဆီဒတ်ကျေးရွာများကို ၁၂၀ မမ မော်တာဗုံးသီး အလုံးရေ ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောသည်။
ယနေ့ မတ်လ ၂၀ရက် မနက် ၉ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၂၀ မိနစ်အတွင်းလည်း Y-12 လေယာဉ်ဖြင့် ဂုံညှင်းဆိပ်၊ ဆီတော၊ ဆီဒတ်ရွာနှင့် အနီးပတ်ဝန်းကျင်ကို ၁၂၀ မမ မော်တာဗုံးသီး ၁၀၀ နီးပါးကြချတိုက်ခိုက်ခဲ့ပြီး K8W ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်လည်းလှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“လောလောဆယ် လေယာဉ်နဲ့လည်း အဆမတန်ဗုံးကြဲနေတယ်။ ပြီးတော့ မြေပြင်ထိတွေ့မှုတွေကလည်း ဖြစ်နေတဲ့ အခါကျတော့ ထိခိုက်ပျက်စီးမှုတွေကို အတည်ပြုလို့မရသေးပါဘူးဗျ” ဟု အထက်ပါတာဝန်ခံက ပြောသည်။
အင်အား တစ်ရာကျော်ရှိသည့် စစ်အာဏာရှင်တပ်သည် ဂုံညှင်းဆိပ်ရွာလှေဆိပ်မှ စစ်သင်္ဘောဆီသို့သွားရောက်ရန် ပိတ်မိနေသည့် သဘောရှိပြီး ဂုံညှင်းဆိပ်ရွာတွင် ခံတပ်အခိုင်အမာချပြီး တပ်စွဲနိုင်သည့် အခြေအနေလည်းရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
Y-12 လေယာဉ်ပေါ်က လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဒရုန်းရန်ကာကွယ်ရေးစက် (ဂျန်မာ) များ၊ ဒရုန်းများကို ချပေးနေသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းကြောင့် ဝင်းဝစခန်းပြန်ရရေးအတွက် တန်ပြန်ထိုးစစ်ဆင်နိုင်ခြေလည်းရှိနေကြောင်း ကိုမင်းထက်က မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောသည်။
ဝင်းဝစခန်းသိမ်းတိုက်ပွဲဖော်ဆောင်သည့် ဖေဖော်ဝါရီလ ၁၀ ရက်မှ မတ်လ ၂၀ ရက်အထိ သရက်ချောင်းမြို့နယ်အောက်ပိုင်း ဝင်းဝစခန်းအနီးဝန်းကျင်က ကျေးရွာပေါင်း တစ်ဆယ်ကျော်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို ရေတပ်စစ်သင်္ဘောနှင့် ကြည်းတပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။
နှစ်ဖက်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးဒဏ်ရာရမှုများရှိနေပြီး အိုးအိမ်ပျက်စီးမှု၊ ဘုန်းတော်ကြီးကျောင်းများ ပျက်စီးမှုများလည်း ရှိသည်။







