ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ဆီပြတ်သောကြောင့် တနင်္သာရီရှိ စစ်ဘေးရှောင်များထံ ရိက္ခာ၊ ဆေးဝါး ပို့ရန်ကြန့်ကြာ

March 20, 2026

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ရှောင်များ။

စက်သုံးဆီပြတ်လပ်မှုကြောင့် တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များထံ ရိက္ခာများ၊ ဆေးဝါးများနှင့် လိုအပ်သည့် အခြားပစ္စည်းများကို ပို့ဆောင်ရာတွင် ကြန့်ကြာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။

မတ်လ ၇ရက်မှစ၍ စက်သုံးဆီ ပြတ်လပ်သဖြင့် စျေးကြီးပေး၍ ဝယ်ယူသုံးစွဲနေရကြောင်း စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောဆိုသည်။

ဓာတ်ဆီပြတ်သွားလျှင် ပို့ဆောင်ရန်ကြန့်ကြာပြီး စက်သုံးဆီရသည့် အချိန်မှသာ ပေါင်းပြီးပို့ရကြောင်း စစ်ရှောင် အရေးကူညီနေသည့် ခုနှစ်စင်ကြယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝေးလံသည့် နေရာများကို ပို့ဆောင်ရာတွင် ဓာတ်ဆီပြတ်လပ်မှုကို ကြုံရ၍ အရေးပေါ်ရိက္ခာနှင့် ဆေးဝါးများကို မပို့ဆောင်နိုင်လျှင် စစ်ဘေးရှောင်များ၏ ကျန်းမာရေးပိုဆိုးဝါးစေသည့် ဘေးထွက်ဆိုးကျိုးများ ကြုံရကြောင်း ၎င်းက ဆိုသည်။

“အချို့လှေနဲ့သွားရင် ဆီမရှိအခါမျိုးဆို တစ်စီးတည်းသွား မနိုင်ဘဲနဲ့ အကုန်လုံး စုပြီးသွားကြတာမျိုးဖြစ်လာတယ်။ တချို့ဆို နီးနီးနားနားဖြစ်ရင်တောင် စက်ခုတ်ပြီးမသွားတော့ဘဲနဲ့ လှော်တက်နဲ့လှော်ပြီးသွားလာရတဲ့ အခါမျိုးတွေကြုံရတယ်” ဟု အထက်ပါ အဖွဲ့ဝင်က ပြောဆိုသည်။

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် တစ်သောင်းသုံးထောင်ဝန်းကျင် ရှိကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

ရွာအနီးနှင့် ရွာထဲတွင် ရှောင်နေရသည့် စစ်ဘေးရှောင်များသည် ဓာတ်ဆီပြတ်လပ်မှုဒဏ်ကို သက်ရောက်မှု နည်းသော်လည်း ရွာနှင့် ဝေးသည့်နေရာများတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် သက်ရောက်မှု ကြီးမားကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ဆိုသည်။

“ရွာနဲ့ ဝေးတဲ့သူတွေက နီးစပ်ရာ စျေးပိုပေးပြီး ပြန်တောင်းဝယ်သွားကြတယ်။ ဒါရာသီက ကွမ်းသီးရာသီဖြစ်နေတော့ အလုပ်သွားဖို့ ဆိုင်ကယ် ဆီလိုတယ်။ စစ်ရှောင်ရင်းနဲ့ ခြံတွေမှာ အခနဲ့ ပြန်လုပ်ကြတယ်”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီပြတ်လပ်ခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူရခြင်း၊ စျေးကြီးပေး ဝယ်ယူရခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံနေရသည်။