ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်-ထားဝယ်ကားလမ်းပိတ်စဥ် ပျောက်ဆုံးသည့် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်အထိ အဆက်အသွယ်မရ

March 20, 2026

ပုံစာ - ကိုချမ်းမြေ့ပိုင်၊ ကိုဘုန်းနိုင်အောင် (ဝဲမှယာ)။

မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်၍ လမ်းပိတ်နေစဥ် ဖေဖော်ဝါရီလက ပျောက်ဆုံးခဲ့သည့် အသက် ၂၀ ဝန်းကျင် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်ကြာသည်အထိ အဆက်အသွယ်မရကြောင်း ကာယကံရှင်၏ မိသားစုထံမှ သိရသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ကိုဘုန်းနိုင်အောင်နှင့် ၎င်း၏သူငယ်ချင်း ကိုချမ်းမြေ့ပိုင်တို့ဖြစ်ကြပြီး ထားဝယ်မှ မြိတ်သို့ ပြန်လာစဥ် သရက်ချောင်းမြို့တွင် အဆက်အသွယ်ပြတ်သွားကြောင်း ကိုဘုန်းနိုင်အောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကားလမ်းပိတ်သဖြင့် သရက်ချောင်းမြို့၊ တပ်ရာကုန်းဘုန်းကြီးကျောင်းတွင် အခြားခရီးသည်များနှင့်အတူ တည်းခိုနေ သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ဖုန်းဖြင့် နောက်ဆုံးအဆက်အသွယ်ရခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးစလုံး၏ ဖုန်းနှင့် လူမှုကွန်ရက်အကောင့်များအားလုံး ယနေ့ မတ်လ ၂၀ရက်အထိ ဆက်သွယ်၍ မရတော့ကြောင်း မိသားစုထံမှ သိရသည်။

နောက်ဆုံး အဆက်အသွယ်ရခဲ့သည့် ဘုန်းကြီးကျောင်းနှင့် လမ်းပိုင်းတွင် အသိမိတ်ဆွေများဖြင့် သွားရောက် ရှာဖွေခဲ့သော်လည်း နှစ်ဦးစလုံးကို ရှာမတွေ့ခဲ့ကြောင်း ကိုဘုန်းနိုင်အောင်၏ မိသားစုထံမှ သိရသည်။

လူပျောက်တိုင်ကြားမှုပြုလုပ်ထားပြီး မိသားစုက မတ်လ ၁၈ ရက်တွင် လူမှုကွန်ရက်၌ အကူအညီတောင်းခံခဲ့ကြောင်း မိသားစုထံမှ သိရသည်။

လူမှုကွန်ရက်တွင် အကူအညီတောင်းခံပြီးနောက် ငွေရေးကြေးရေး လိမ်လည်တောင်းခံရန် ဖုန်းဆက်သူများလည်း ရှိခဲ့ကြောင်း ကိုဘုန်းနိုင်အောင် ၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

“ဟိုအဖွဲ့အစည်း ဒီအဖွဲ့အစည်းဆိုပြီး ဆက်သွယ်လာပြီး လူ (ပျောက်တဲ့လူတွေ) သူတို့မှာ ရှိနေတယ်။ ပိုက်ဆံနဲ့ ထုတ်ဖို့ ပြောတာ ဘာညာရှိတယ်။ တကယ်ရှိနေတဲ့ ဓာတ်ပုံတောင်းကြည့်တော့ မပြနိုင်ဘူး။ အဲဒီလိုဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

လူပျောက်ကြော်ငြာများတွင်ပါဝင်သော ဖုန်းနံပါတ်များမှတစ်ဆင့် အလားတူ ခြိမ်းခြောက်လိမ်လည် ငွေကြေး တောင်းခံသည့် ဖြစ်စဥ်များ မကြာခဏဖြစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောပြသည်။

မြိတ် – ထားဝယ် ကားလမ်းပိုင်းသည် ဝင်းဝစခန်းသိမ်းတိုက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလ ၈ ရက်မှစ၍ လမ်းပိတ်ထားပြီး လမ်းပိုင်းရှိ ကျေးရွာများလည်း ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း ဒေသခံများထံမှသိရသည်။