ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ကူညီမည်ဟု အင်အားကြီးနိုင်ငံ ၇ခု ပြော

March 20, 2026

ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း အင်အားကြီးနိုင်ငံ ၇ နိုင်ငံက မတ်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် သင့်လျော်သည့် ကြိုးပမ်းဆောင်ရွက်မှု များတွင် ပါဝင်ကူညီရန် အဆင်သင့်ရှိကြောင်း ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြသည်။

သို့ရာတွင် ယင်းတို့အနက် သုံးနိုင်ငံကမူ အပစ်အခတ်ရပ်စဲပြီးမှသာ မည်သည့်လုပ်ငန်းစဉ်ကိုမဆို စတင်မည်ဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။

မကြာသေးမီက အီရန်၏ ပင်လယ်ကွေ့ဒေသအတွင်း လက်နက်မဲ့ကုန်သွယ်သင်္ဘောများအပေါ် တိုက်ခိုက်မှုများကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် လက်ငင်းချက်ချင်း စစ်ရေးအရ ကူညီရန် ပြောဆိုနေခြင်းမျိုးမဟုတ်ဘဲ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံအများအပြား ပါဝင်သော လုပ်ငန်းစဉ်အကြောင်းကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း အီတလီ၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့က ကြာသပတေးနေ့ နှောင်းပိုင်းတွင် ရှင်းလင်းပြောကြားခဲ့သည်။

အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းတင်ပို့ရာ ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ထိထိရောက်ရောက် ပိတ်ဆို့ထားချိန် အဆိုပါ နိုင်ငံများ၏ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မဟာမိတ်နိုင်ငံများက အမေရိကန်ကို ကူညီရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။

ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် အီရန်ကို အမေရိကန်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် အမေရိကန်၏ မဟာမိတ်နိုင်ငံများက ငြင်းဆန်ပြီးနောက် သမ္မတထရမ့်က ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကိစ္စကို မဟာမိတ်နိုင်ငံများကိုသာ တာဝန်ယူစေမည်ဟု တုံ့ပြန်ခဲ့သည်။

Source: National Post