ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ၊ ရာဖူးရွာတွင် မသန်စွမ်းအမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ် ပစ်သတ်

February 20, 2026

ပုံစာ - ကလိန်အောင် - မလွှဲတောင် လမ်းပိုင်းတစ်နေရာ (ပုံဟောင်း)။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ရာဖူးရွာတွင် ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းက စကားမပြောနိုင်သည့် အမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ပစ်သတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

သေဆုံးသူသည် ရာဖူးကျေးရွာအုပ်စုတွင် ရာဘာအစေးလိုက်ဝယ်နေသည့် အဝယ်တော်ကားမှ အလုပ်သမား အသက် ၃၀ ကျော်အရွယ် ကိုရွှေအ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“စစ်တပ်စစ်ကြောင်းဝင်လာတာကို လန့်ပြီး ထွက်ပြေးလို့ ရွာလယ်မှာပဲ ပစ်ခံလိုက်ရပြီး သေသွားတယ်။ သူက ရာဖူးမှာ နေတာတော့ ကြာပြီ။ စကားမပြောတတ်ဘူး။ ကိုရွှေအလို့ပဲ ခေါ်ကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယခင်က ကလိန်အောင်-မလွှဲတောင် ကားလမ်းမ၏ အရှေ့ဘက်၊ အနောက်ဘက် တောထဲတွင် နေရာယူထားရာမှ ယခုရက်ပိုင်းအတွင်း ကားလမ်းမပေါ် ပြန်နေရာယူလာကြောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစကာ ရာဖူးရွာတွင် တပ်စွဲနေကြောင်း ရွာသားများထံမှ သိရသည်။

ရွာသားများ စစ်ဘေးရှောင်ထွက်ပြေးပါက နေအိမ်များ မီးရှို့မည်ဟု စစ်အာဏာရှင်တပ်က ခြိမ်းခြောက်ထားသဖြင့် ရွာသားများ ထွက်မပြေးရဲကြောင်း ရွာသားများက ဆိုသည်။

“ထွက်ပြေးရင် အိမ်မီးရှို့မယ်လို့ စစ်တပ်က ပြောထားတယ်။ ပြီးတော့ အရင်စစ်ကြောင်းတွေ ထိုးတုန်းက ထွက်ပြေးတော့လည်း အိမ်တွေဖွင့်ပြီး ပစ္စည်းတွေ အယူခံရတယ်။ အခုက တိုက်ပွဲလည်း မဖြစ်သေးတော့ အခြေအနေကြည့်နေတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတွင် ကလိန်အောင် – မလွှဲတောင် လမ်းပိုင်း၌ ကားလမ်းပိတ်ရသည်အထိ စစ်ရေးတင်းမာပြီးနောက်ပိုင်း နှစ်ဖက်တပ်များ ပြန်ဆုတ်ခွာကြပြီး ရာဖူးရွာ၏ တစ်ဘက်ခြမ်းစီတွင် နေရာယူထားကြကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ယင်းနောက်ပိုင်းတွင် လစဉ်နီးပါး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား ရာဖူးရွာဝန်းကျင်တွင် ထိတွေ့ပစ်ခတ်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လကလည်း စစ်အာဏာရှင်တပ်စစ်ကြောင်း ရာဖူးရွာတွင် တပ်စွဲပြီး ပြန်ထွက်သွားစဉ် မည်သူမည်ဝါ အတည်မပြုနိုင်သည့် အသတ်ခံထားရသော ရုပ်အလောင်း သုံးလောင်း တွေ့ရှိခဲ့ရသည်။

ရာဖူးရွာသည် အမှတ် ၈ ပြည်ထောင်စုကားလမ်းမ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းရှိ မွန်၊ ကရင်၊ ထားဝယ်၊ ဗမာ တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။