ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စခန်းကြီးပဝါရဏာ ဂိုဏ်းချုပ်ဆရာတော် ဈာပန တပေါင်းလပြည့်နေ့ ကျင်းပမည်

February 20, 2026

ပုံစာ - မော်ကြီးဆရာတော်အား မီးသင်္ဂြိုဟ်မည့် စပ်ပန်းချီလက်ရာ ပြဿဒ်။

စခန်းကြီးပဝါရဏာဂိုဏ်း၏ ၁၁ ပါးမြောက် ဂိုဏ်းချုပ် မော်ကြီးဆရာတော်၏ ဈာပနကို တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ကျင်းပမည်ဟု ဈာပနစီစဉ်သူများထံမှ သိရသည်။

စခန်းကြီးပဝါရဏာဂိုဏ်းမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်း ကျောင်းတိုက်ပေါင်း တစ်ရာကျော်မှ သံဃာတော်များဖြင့် စုစည်းထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဆရာတော်၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်မည့် စံကျောင်းပြသာဒ်သို့ ပင့်ဆောင်၍ ရက်သတ္တပတ်ကြာ အပူဇော်ခံပြီး တပေါင်းလပြည့်နေ့တွင် ကျေးရွာအုပ်စုအတွင်း လှည့်လည်ကာ သာဓုကီဠန အန္တိမ အဂ္ဂိဈာပနပူဇော်ပွဲကျင်းပမည်ဖြစ်သည်။

အရိုးပြာရေမျောပူဇော်ပွဲကိုမူ ဖောင်းတောကျေးရွာအုပ်စု ဓမင်းဆိပ်ရွာဆိပ်ကမ်း၌ မတ်လ ၄ ရက်တွင် ကျင်းပမည်ဟု စီစဉ်သူများက ဆိုသည်။

ပူဇော်ခံထားရှိမည့် ရက်သတ္တပတ်အတွင်း ညတရားပွဲ၊ အငြိမ့်ပွဲနှင့် ကျေးရွာအလိုက် ဒုံး (အလောင်ထမ်း အမျိုးသား၊ အမျိုးသမီး အုပ်စုဖွဲ့ အကအဖွဲ့) များ၊ စတုဒီသာ ကျွေးမွေးခြင်းတို့ကို ထည့်သွင်းကျင်းပမည်ဟု သိရသည်။

စခန်းကြီးသုဓမ္မာ ပဝါရဏာဂိုဏ်း၏ ဂိုဏ်းချုပ်ဆရာတော်ဖြစ်သည့် သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၇၄ ဝါရှိ ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာ မော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တခေမာဝံသသည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက် နံနက် ၆ နာရီတွင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရုပ်ကလာပ်ကို နိဗ္ဗာန်စံကျောင်းဖြင့် ဆယ်လကြာ ထားရှိပြီးနောက် ယခုအန္တိမဈာပနကို ကျင်းပခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်က ပျံလွန်တော်မူခဲ့သည့် စခန်းကြီးသုဓမ္မာဂိုဏ်း၏ ၁၀ ပါးမြောက် ဂိုဏ်းချုပ် တောင်မင်းပြောင်ကျောင်းကြီး ဆရာတော်ပြီးနောက် မော်ကြီးဆရာတော်သည် ၁၁ ပါးမြောက် ဂိုဏ်းချုပ် ဖြစ်ခဲ့သည်။

ယင်းအပြင် မော်ကြီးဆရာတော်သည် စခန်းကြီးသုဓမ္မာဂိုဏ်း၏ ဂိုဏ်းခွဲဖြစ်သည့် ဟိန္ဇဲ (ကံပေါက်ဒေသ) သုဓမ္မာဂိုဏ်းတွင်လည်း အကြီးအကဲဖြစ်ကြောင်း ဂိုဏ်းဝင် ဒေသခံသံဃာတော်များထံမှ သိရသည်။

မော်ကြီးဆရာတော်သည် မွန်ပြည်နယ်ဇာတိ မွန်အမျိုးသား ရဟန်းတော်တစ်ပါးဖြစ်ပြီး ဈာပနအတွက် ပြဿဒ်၊ စံကျောင်းများကိုလည်း မွန်ပြည်နယ်မှ စပ်ပန်းချီပညာရှင်များက လာရောက်ပြုလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။