BREAKING
October 19, 2025

စည်ပင်အမှိုက်ကားပေါ်မှ ဝန်ထမ်းတစ်ဦး ပြုတ်ကျ

February 20, 2020

မြိတ်တွင် စည်ပင်အမှိုက်ကားပေါ်မှ စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦး ပြုတ်ကျသည့်အတွက် ဒဏ်ရာများရရှိကာ မြိတ်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ က မြိတ်လေယာဉ်ကွင်းလမ်းအတိုင်း မောင်းနှင်လာသည့် စည်ပင်သာယာရေး အဖွဲ့ပိုင် Forland အမျိုးအစား အမှိုက်ကားက အရှေ့သိမ်ဘုန်းကြီးကျောင်း ဘက်မှ ရွှေပြည်တန်လမ်းမကြီးဘက်သို့ မောင်းနှင်လာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့မောင်းနှင်လာစဉ် အမှိုက်ကားပေါ်မှ အမှိုက်ထုပ်ပြုတ်ကျသဖြင့် ကားဘရိတ်အုပ်လိုက်စဉ် ကားပေါ်လိုက် ပါလာသည့် အသက် ၃၃ နှစ်အရွယ် စည်ပင်နေ့စားဝန်ထမ်း အမျိုးသမီးက ကားပေါ်မှ ပြုတ်ကျသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ကားပေါ်မှ ပြုတ်ကျမှုကြောင့် အထက်ပါ အမျိုးသမီး၏ ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမှိုက်ကား မောင်းသည့် အသက် ၂၉ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၃၈ ဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch