ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ICJ ရောက် တရားတော်

January 20, 2026

‘ဘုန်းကြီးအမှု ရွာပတ်’ဆိုတဲ့ စကားဟာ အခုတော့ ‘ကမ္ဘာပတ်’တဲ့အထိ ဖြစ်သွားခဲ့ပါပြီ။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲထားတဲ့အမှုမှာ သီတဂူဆရာတော်ရဲ့ ဟောကြားချက်တချို့ဟာ သက်သေတွေအဖြစ် ပါလာပါတယ်။ ဒီကိစ္စဟာ ဘာသာရေးအရရော၊ လူ့အခွင့်အရေး ရှုထောင့်အရပါ စိတ်ဝင်စားဖို့ကောင်းသလို ဆွေးနွေးငြင်းခုံစရာတွေလည်း ရှိလာတဲ့ ကိစ္စပါ။

တကယ်တော့ ဗုဒ္ဓတရားတော်တွေဆိုတာ နာကြားရသူကို စိတ်အေးချမ်းစေတာပါ။

စိတ်ထဲမှာ သောကတွေ ပွေလီလာရင်၊ ညစ်ထေးလာရင် တရားရေအေးနဲ့ ဆေးကြောပြီး အပူမီးကို ငြှိမ်းသတ်ကြပါတယ်။ အခု ပြဿနာဖြစ်နေတဲ့ သီတဂူဆရာတော်ရဲ့ ဟောကြားချက်ဟာလည်း အဲဒီတုန်းက စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်အသိုက်အဝန်းရဲ့ အပူကို ငြှိမ်းပေးဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။

ဘာလို့လဲဆိုတော့ ဒီတရားကို ဟောတဲ့အချိန်ဟာ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးစ အချိန်ဖြစ်နေလို့ပါ။ ဒါပေမဲ့ အကျိုးဆက်ကတော့ အပူမီးကို ငြှိမ်းရာမရောက်ဘဲ မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့ပါတယ်။

တရားထဲမှာပါတဲ့ အကြောင်းအရာက လူပေါင်းများစွာကို သတ်ခဲ့မိလို့ ညဘက်တွေမှာ အိပ်မပျော်ဖြစ်နေတဲ့ ဘုရင်ကို နှစ်သိမ့်ပေးတဲ့ ဇာတ်လမ်းပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်လောက်က သီဟိုဠ်ကျွန်းက စစ်ဘုရင်တစ်ပါးရဲ့ ဇာတ်လမ်းကို ဥပမာပေးပြီး ဟောခဲ့တာ ဖြစ်ပါတယ်။ လိုရင်းကိုပဲ ပြောရရင်တော့ ဗုဒ္ဓဘာသာမဟုတ်သူတွေကို သတ်ဖြတ်တာဟာ အပြစ်မကြီးသယောင် ဟောပြောခဲ့တာပါ။

ဘယ်လိုလူကို သတ်ရင် ဘယ်လောက် အကုသိုလ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာတွေက တမလွန်ကိစ္စပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီဟောပြောချက်ဟာ အကြမ်းဖက်မှုကို တွန်းအားပေးသလိုမျိုး မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ကျမ်းဂန်ထဲက ဇာတ်လမ်းကို ကိုးကားတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာတော့ လူကို လူအဖြစ်ကနေ လျှော့ချကြည့်တာဟာ (Dehumanization) အင်မတန် အန္တရာယ်ကြီးတဲ့ အယူအဆပါ။ တစ်ဖက်လူကို ‘လူ’လို့ မမြင်ဘဲ ‘တိရစ္ဆာန်’သာသာပဲလို့ သတ်မှတ်လိုက်တဲ့အခါ ကျူးလွန်သူတွေဟာ မိမိကိုယ်မိမိ အပြစ်မရှိသလို ခံစားရစေပြီး ရက်စက်တဲ့ လုပ်ရပ်တွေကို ပိုပြီးလွယ်လွယ်ကူကူ ကျူးလွန်လာစေပါတယ်။

သမိုင်းမှာလည်း လူကို လူလို့မမြင်ခဲ့လို့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ ဟစ်တလာရဲ့ နာဇီတွေက ဂျူးတွေကို သတ်ဖို့ ဒီလိုအမြင်မျိုးတွေကို အရင်သွတ်သွင်းခဲ့သလို၊ ရဝမ်ဒါမှာလည်း ဒီလိုအမြင်တွေကြောင့်ပဲ လူပေါင်း ရှစ်သိန်းလောက်ဟာ အချိန်တိုအတွင်း အသတ်ခံခဲ့ရတာပါ။

အခု ၂၀၂၁ နောက်ပိုင်း မြန်မာပြည်တွင်းစစ်မှာ ဖြစ်ပျက်နေတဲ့ ရက်စက်မှုတွေနောက်ကွယ်မှာရော ဘယ်လိုအတွေးအခေါ်တွေ ရှိနေမလဲဆိုတာ တွေးကြည့်ရင် ကြောက်စရာပါ။ အတောမသတ် ဗုံးကြဲတာတွေ၊ ရွာစဉ်လှည့်ပြီး မီးရှို့တာတွေ၊ အုပ်စုလိုက်ဖမ်းဆီး သတ်ဖြတ်တာတွေ ဒါတွေရဲ့ နောက်ကွယ်က အခြေခံအတွေးအခေါ်တွေကို မေးခွန်းထုတ်စရာပါ။

ဒါ့အပြင် သီတဂူဆရာတော်ရဲ့ ဟောပြောချက်ကြောင့် ကမ္ဘာမှာ ဗုဒ္ဓဘာသာအပေါ် အမြင်လွဲသွားမှာကိုလည်း စိုးရိမ်ရပါတယ်။ ပညာရှင်တစ်ယောက် ပြောဖူးသလိုပါပဲ၊ ဘာသာတရားက ပြဿနာမဟုတ်ဘဲ အဲဒီတရားတွေကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့သူတွေကြောင့်သာ ပြဿနာ ဖြစ်နေတတ်တာပါ။

ဗုဒ္ဓဘာသာမှာ ပုရွက်ဆိတ်တစ်ကောင်ကိုတောင် မသတ်ဖို့ တားမြစ်ထားတာပါ။ ဆိတ်တစ်ကောင်ကို သတ်ရင် ဆိတ်မွေးအရေအတွက်နဲ့ ညီမျှတဲ့ ဘဝအရေအတွက်ကို ငရဲမှာ ကျခံရမယ်ဆိုတဲ့ ဟောပြောမှုတွေလည်း ရှိပါတယ်။ ဆင်လိုအကောင်ကြီးကြီးကို သတ်ရင် ပိုပြီးအပြစ်ကြီးတယ်လို့လည်း ဟောကြပါတယ်။ ဒီတော့ လူကိုသတ်တာကို အပြစ်မရှိသယောင် ဟောတာဟာ ဘယ်လိုမှ နားလည်လို့မရနိုင်တဲ့ ကိစ္စပါ။

နောက်ပြီး ပါချုပ်ဆရာတော်ကြီးရဲ့ ဟောပြောချက်တွေကို ကြည့်ရင်လည်း အပြုအမူနဲ့ အကျိုးပေးမှုကို တစ်ထစ်ချတွက်လို့ မရတာကို တွေ့ရပါတယ်။

တစ်ခါ ‘ညောင်စေ့လောက်လှူလည်း ညောင်ပင်ကြီးလောက် ရမယ်’၊ ‘ညောင်ပင်ကြီးလောက်လှူလည်း ညောင်စေ့လောက်ပဲ ရမယ်’ဆိုတဲ့ အစဉ်အဆက်စွဲကိုင်လာတဲ့ စကားတွေကို ထောက်ချင့်ရင်လည်း အပြုအမူနဲ့ အကျိုးပေးမှုမှာ မသေချာမှုတွေ ရှိနေတာကို ပြသနေတာပါ။ ဒါပေမဲ့ ဒါတွေဟာ ဘာသာတရားရဲ့ အားနည်းချက်မဟုတ်ပါဘူး။ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေအပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။

တကယ်တော့ ဗုဒ္ဓဘာသာရဲ့ အဓိက ဦးတည်ချက်ဟာ အမှားနဲ့အမှန်ကို ခွဲခြားနိုင်တဲ့ ‘သိမြင်မှု (ဉာဏ်)’ ရရှိဖို့ပဲ ဖြစ်ပါတယ်။

သမိုင်းကတော့ သင်ခန်းစာ ပေးပြီးပါပြီ။ တစ်ဖက်သားကို လူလို့မမြင်တော့တဲ့ အမြင်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေဆီကိုပဲ ဦးတည်သွားခဲ့တာပါ။ အခု မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကြမ်းကြုတ်မှုတွေဟာလည်း အဲဒီလို အဆိပ်သင့်အတွေးအခေါ်တွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်… အခုတော့ အဲဒီ ‘ဘုန်းကြီးအမှု’ကတော့ ကမ္ဘာပတ်သွားခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အတွက် လေးနက်တဲ့ မေးခွန်းတချို့တော့ ကျန်ရစ်ခဲ့ပါတယ်။

အဲဒါကတော့ ဘာသာရေးအဆုံးအမတွေထဲက ရှေ့နောက်မညီတဲ့ ဝိရောဓိတွေကို ကိုယ့်အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်မလား၊ သြဇာကြီးသူပြောသမျှကိုပဲ မျက်စိစုံမှိတ် ယုံကြည်လိုက်မလား၊ ကိုယ့်စကားနဲ့ လုပ်ရပ်တွေက လူ့အဖွဲ့အစည်းအတွက် ငြိမ်းချမ်းခြင်းဆေး ဖြစ်စေမလား၊ ဒါမှမဟုတ် အကြမ်းဖက်မှုအတွက် လောင်စာဖြစ်စေမလားဆိုတာတွေပါပဲ။

သံယံ