လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်သားများ လုံခြုံရေးယူလိုက်ပါပြီး မဲစာရင်းကောက်နေချိန် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး အရပ်သားများကို ထိမှန်သွားကြောင်း မိသားစုဝင်နှင့် ဒေသခံများက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်အာဏာရှင်တပ်သားများ လုံခြုံရေးလိုက်ပါပြီး ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းလိုက်ကောက်နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဒရုန်းဖြင့်ချသည့်ဗုံးမှာ မဲစာရင်းကောက်နေသည့်အဖွဲ့နှင့် ကိုက်၂၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများကပြောဆိုသည်။
ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင် နေအိမ်နှစ်အိမ်တွင် ရှိနေသည့် အရပ်သားအမျိုးသမီးသုံးဦး သေဆုံးကာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ထိခိုက်သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ပန်ကာသံ ကြားနေလို့ ဒရုန်း ဒရုန်းဆိုပြီး ပြောပြီးတာနဲ့ ဗုံးကျပြီး ကွဲသွားတာ” ဟု ၎င်းက ပြောဆိုသည်။
သေဆုံးသူများမှာ ဒေါ်မာလာ၊ အသက် ၆၀ ကျော်အရွယ် ဒေါ်ချိုနှင့် သမီးဖြစ်သူ မခင်မာအေးတို့ သုံးဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒဏ်ရာရရှိသူများတွင် ကလေးတစ်ဦး၊ ဒေါ်စိန်သန်းနှင့် ဦးထွန်းအောင်တို့ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“(ကလေး) နဲ့ ဒေါ်စိန်သန်းက အခုခွဲခန်းထဲမှာ။ ကလေးက ဗိုက်တွေ ပေါက်သွားတယ်၊ စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။
စခန်းကြီးကျေးရွာအုပ်စုသည် ဇန်နဝါရီလ ၂၅ ရက်တွင် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည်။
ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်သည့် ဒေသများမှာ စစ်ရေးတင်းမာနေသော ဒေသများဖြစ်သော်လည်း စစ်ကော်မရှင်က ရွေးကောက်ပွဲကို ကျင်းပရန် ဖိအားပေးကြိုးစားနေမှုကြောင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ယနေ့ မွန်လွဲပိုင်းတွင်လည်း စစ်အာဏာရှင်တပ်သားများ လုံခြုံရေးလိုက်ပါလာပြီး စခန်းကြီးကျေးရွာအုပ်စုသို့ မဲပုံးနှင့် မဲပေးစက်များ လာရောက်ပို့ဆောင်သည့် ကားများ စခန်းကြီးကျေးရွာမှ ပြန်လည်ထွက်ခွာချိန် လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။







