ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် စင်ထိဝါဒေသတွင် မြန်မာအလုပ်သမားများကို နှုတ်ခမ်းမွေးအဖွဲ့ဟု လူသိများသော ထိုင်းမျိုးချစ်အဖွဲ့များက လာရောက်စစ်ဆေးပြီး ရိုက်နှက်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
ဇန်နဝါရီလ ၁၉ရက် ည ၁၀နာရီခန့်တွင် မြန်မာအများစုနေထိုင်ရာ စင်ထိဝါရပ်ကွက်ထဲသို့ ထိုင်းမျိုးချစ်အဖွဲ့များ ရောက်ရှိ လာပြီး တိုက်အောက်နှင့် လမ်းပေါ် သွားလာနေသော မြန်မာအလုပ်သမား ဆယ်နှင့်ချီကို မေးမြန်းစစ်ဆေးပြီး ရိုက်နှက်ခဲ့ ကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။
စင်ထိဝါရပ်ကွက်အတွင်း ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားတို့ ယာဉ်အချင်းချင်း တိုက်မိသည်ဟု သတင်းထွက်ရာမှ ပြဿနာစတင် ဖြစ်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ပြောဆိုသည်။
ယင်းဖြစ်စဉ်တွင် မြန်မာနိုင်ငံသားက ယာဉ်ဖြင့် တိုက်မိသည်ကို မတောင်းပန်ဘဲ မောင်းပြေးသွားသည်ဆိုပြီး မကျေမနပ်၍ ထိုင်းနိုင်ငံသားက ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အွန်လိုင်းပေါ်သို့ ဗီဒီယိုမှတ်တမ်းဖြင့် ဖြစ်စဉ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။
ယင်းဗီဒီယိုမှတ်တမ်းကြောင့် ထိုင်းမျိုးချစ်အဖွဲ့များက စင်ထိဝါရပ်ကွက်ထဲ မြန်မာအများစုနေထိုင်ရာ နေရာသို့ ရောက်ရှိလာပြီး မေးမြန်းစစ်ဆေးကာ ရိုက်နှက်ခြင်းဖြစ်ကြောင်း ရပ်ကွက်နေ မြန်မာနိုင်ငံသားက ဆိုသည်။
“သူတို့အဖွဲ့ ရောက်လာတဲ့အချိန် လမ်းမှာ အရက်ထိုင်သောက်တဲ့ မြန်မာတွေကို မမေးမမြန်း အကြောင်းမဲ့ ဝင်ရိုက်ပါတယ်။ သက်သေဖိုင်တွေလည်း ရှိပါတယ်။ လမ်းမှာလည်း ထိုင်းလား မြန်မာလား မေးတယ်။ မြန်မာကောင်လေးတွေဆိုရင် ရိုက်တယ်၊ ကန်တယ်။ ထိုင်းနိုင်ငံကို မတရား လာမလုပ်နဲ့၊ အငြိမ်မခံနေဘူးပေါ့ဆိုပြီး ပြောသွားတယ်” ဟု စင်ထိဝါရပ်ကွက်နေ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
ရပ်ကွက်အတွင်းသို့ ထိုင်းမျိုးချစ်အဖွဲ့များက အုပ်စုလိုက် ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံသားများပါ လိုက်ပါလာပြီး နောက်က ဝန်းရံခဲ့စဉ် ဦးရေ တစ်ရာခန့်အထိ ရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
ထိုင်းမျိုးချစ်အဖွဲ့များ ရောက်လာပြီးနောက် ရပ်ကွက်အတွင်း မြန်မာနိုင်ငံသားများလည်း အနေအထိုင် ဆင်ခြင်နေရကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။
ဇန်နဝါရီလ ၁၁ ရက်က စမွတ်ပရကန်ခရိုင် ဘန်ဘိုဒေသတွင် ထိုင်းနိုင်ငံသား ပစ္စည်းပို့သမားများနှင့် မြန်မာနိုင်ငံသားများကြား ခိုက်ရန်ဖြစ်ခဲ့ပြီးနောက် ထိုင်းမျိုးချစ်အဖွဲ့များက မြန်မာအများစုနေထိုင်ရာ နေရာများတွင် လိုက်လံစစ်ဆေးမှုများ ပိုမိုများပြားလာသည်။







