ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာစစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြု

January 20, 2026

ဓာတ်ပုံ - Reuters

မြန်မာနိုင်ငံတွင် အပိုင်း သုံးပိုင်းတွင် ကျင်းပနေသော ရွေးကောက်ပွဲရလဒ်ကို အာဆီယံက အသိအမှတ်ပြုမည် မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇန်နဝါရီလ ၂၀ရက်တွင် မလေးရှားပါလီမန်၌ ပြောကြားလိုက်သည်။

ယင်းရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်မည် မဟုတ်ကြောင်းလည်း ဝန်ကြီးက ထပ်လောင်း ပြောဆိုခဲ့သည်။

၂၀၂၅ ခုနှစ်က ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ရွေးကောက်ပွဲသို့ လေ့လာသူများ စေလွှတ်ပေးရန် မြန်မာဘက်က တောင်းဆိုခဲ့သော်လည်း အာဆီယံက ငြင်းပယ်ခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

သို့သော် အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာမူ ၎င်းတို့၏ သဘောဆန္ဒအလျောက် စေလွှတ်ခဲ့ကြကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဆိုသည်။

“အာဆီယံအနေနဲ့ လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရွေးကောက်ပွဲ ရလဒ်ကို ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

မြန်မာစစ်ကော်မရှင်က ပြုလုပ်သည့် ရွေးကောက်ပွဲအပေါ် အာဆီယံနှင့် မလေးရှား၏ ရပ်တည်ချက်နှင့်ပတ်သက်၍ လွှတ်တော်အမတ်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံက တာဝန်ယူခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မြန်မာစစ်ကော်မရှင်က စတင်ကျင်းပသည့် ရွေးကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေရန် ကြံစည်မှုတစ်ခုသာ ဖြစ်ကြောင်း ဝေဖန်ထားပြီး ယင်းကို စစ်ကော်မရှင်ဘက်က ငြင်းဆိုထားသည်။

ဇန်နဝါရီလဆန်းပိုင်းက စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် မဲပေးသူဦးရေ နည်းပါးခဲ့သည်။

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော်နေရာများ၏ ၈၈ ရာခိုင်နှုန်းကို စစ်တပ်နှင့် မဟာမိတ်ဖြစ်သော ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားသည်။

Source: Reuters