လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုသို့ မဲပေးစက်နှင့် မဲပုံးများ လာရောက်ပို့ဆောင်သည့် ကားများကို အပြန်တွင် တော်လှန်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် စခန်းကြီးကျေးရွာအုပ်စုသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်အချို့ လုံခြုံရေးလိုက်ပါလာပြီး ပစ်ကပ်ကားနှစ်စီးအပါအဝင် ကားလေးစီးဖြင့် ယနေ့ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မဲပုံးနှင့် မဲပေးစက်များ လာရောက်ပို့ဆောင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ယင်းနောက် စခန်းကြီးကျေးရွာမှ ပြန်လည်ထွက်ခွာချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“မဲအုံနှောက် (ရွာ) နဲ့ ခမောင်းတောင်းရွာ ကြားမှာဖြစ်တာ။ မိုင်းပေါက်ပြီးနောက်မှာ သူတို့လည်း သေနတ်ပစ်ခတ်ပြီး ကားအမြန်မောင်းပြီး ထွက်ပြေးသွားတာတွေ့လိုက်တယ်” ဟု ၎င်းဒေသခံက ပြောသည်။
အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးအဖွဲ့က ပြုလုပ်သည်နှင့် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု ရှိမရှိ အခြေအနေတို့ကိုမူ အသေးစိတ် မသိရသေးပေ။
ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် တနင်္သာရီတိုင်းအတွင်းရှိ လောင်းလုံး၊ ပုလောနှင့် သရက်ချောင်းမြို့နယ်တို့ ပါဝင်သည်။
လောင်းလုံးမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် လေးခုနှင့် စခန်းကြီးကျေးရွာအုပ်စု၊ ကမြောကင်းကျေးရွာအုပ်စုနှင့် မောင်းမကန်ကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။
ဇန်နဝါရီလ ၁၉ ရက်ကလည်း ကမြောကင်း၊ စခန်းကြီးနှင့် မောင်းမကန်ကျေးရွာအုပ်စုတို့၏ အနီး၌ရှိသည့် စစ်အာဏာရှင်၏ ခြေလျင်တပ်ရင်း ခလရ ၁၀၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။







