ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ ဇန်နဝါရီလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။
ထားဝယ် အရှေ့တောဒေသသို့ သွားသည့် လမ်းပိုင်းရှိ ဗျောတောဝစစ်ဆေးရေးဂိတ်အနီး တောင်ကုန်း၌ ပြင်ဆင်ထားသည့် လက်နက်ကြီးကုန်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရှမ္မတွင်းကျေးရွာအုပ်စု ပုလွေရှောင်ရွာအနီးဝန်းကျင်တွင် ကျည်များ ကျရောက် ပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ရှမ္မတွင်းကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေခြင်းလည်းမရှိသလို တော်လှန်ရေး အင်အားစုများနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိသော်လည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညဘက်နေအိမ်၌ အိပ်ရန်အတွက် စိုးရိမ်နေရကြောင်း ပုလွေရှောင်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ညက တော်တော်ကြမ်းတယ်။ သုံးချက် ထုချလိုက်တာ။ ညဘက် အိပ်ရမှာတောင် လန့်နေတယ်။ ရှမ္မတွင်းရွာက လူအများစုကတော့ ရွှေ့သွားကြတာကြာပြီ။ ကျန်ရွာတွေမှာ လူနည်းနည်းကျန်တယ်” ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုကားလမ်းမပေါ်ရှိ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တွင် ထိတွေ့ပစ်ခတ်မှု ကြုံရတိုင်း ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိပြီး ကျည်ထိမှန်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ကြုံရလေ့ရှိသည်။
ယင်းအပြင် ရှမ္မတွင်းကျေးရွာအုပ်စုနှင့် အခြားရွာများအကြား ကျေးရွာချင်းဆက်လမ်းရှိ တံတားများကိုပါ စစ်အာဏာရှင်တပ်က မြေတူးစက်ဖြင့် တူးခြင်း၊ မီးရှို့ခြင်းတို့ဖြင့် ဖျက်ဆီးလေ့ရှိသည်။
ထို့ကြောင့် လူမှုစီးပွားကိစ္စများအတွက် သွားလာရေးအခက်အခဲများရှိသဖြင့် အခြားရပ်ရွာများသို့ ရွှေ့ပြောင်းနေထိုင်သူ များကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးကောက်ပွဲအပိုင်း ၁ မကျင်းပမီ ဒီဇင်ဘာလ နောက်ဆုံးအပတ်ကလည်း ထိတွေ့ပစ်ခတ်မှုများမရှိဘဲ စစ်အာဏာရှင်တပ် ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့သေးသည်။
ရှမ္မတွင်းကျေးရွာအုပ်စုကို စစ်ကော်မရှင်က နယ်မြေမတည်ငြိမ်သဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စုများ စာရင်းတွင်လည်း ထည့်သွင်းထားသည်။







