သရက်ချောင်းမြို့ပေါ်က အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ယူနေသည့် ရပ်ဝေးက ကျောင်းသူ၊ ကျောင်းသား များကို အခြေအနေ မအေးသဖြင့် ဆရာ၊ ဆရာမများကို အိမ်ပြန်လွှတ်ကြောင်း ကျောင်းသားမိဘအချို့နှင့် ဒေသခံအချို့က ပြောသည်။
ဇန်နဝါရီလ ၁၉ရက် ညပိုင်းတွင် သရက်ချောင်းမြို့အထွက် ပန်းတောစစ်ဆေးရေးဂိတ်နှင့် ဆင်ကူးရွာ၊ ဆင်ဖြူပြင်ရွာဘက်က လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်သံများကို ဆူညံစွာ ကြားရကြောင်း ၎င်းတို့က ဆိုသည်။
“ဒီနေ့ မနက် သမီးကို ကျောင်းသွားပို့တော့ နယ်ဝေး၊ ရွာဝေးက ကျောင်းသူကျောင်းသားလေးတွေ အကုန်လုံးကို ပြန်လွှတ် လိုက်တယ်။ ဆရာမတစ်ယောက်ပြောတာက အခြေအနေမကောင်းလို့တဲ့ ရွေးကောက်ပွဲပြီးမှပဲ ကျောင်းပြန်လာတော့ဆိုပြီး ကျောင်းကားပို့တဲ့ ကားသမားကိုပြောလိုက်တယ်တဲ့” ဟု ပိတိုင်ကျေးရွာက ကျောင်းသား မိဘတစ်ဦးက ပြောဆိုသည်။
စာသင်ကျောင်းကို လုံးဝ ပိတ်လိုက်ခြင်းမျိုး မဟုတ်ဘဲ သရက်ချောင်းမြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် ကျောင်းသူ၊ ကျောင်းသားများကိုမူ ပြန်လွှတ်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
သရက်ချောင်းမြို့ပေါ်တွင် ကျောင်းထား ထားသည့် CDM ဆရာမတစ်ဦးကလည်း ကလေးကို ရွာသို့ပြန်ခေါ်ရန် စီစဉ်နေကြောင်း ပြောဆိုသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ကျောင်းသားတွေကို ပြန်လွှတ်တာက ရွေးကောက်ပွဲရက် နီးလာလို့ဖြစ်မယ်။ မနေ့ညက ပစ်သံခတ်သံတွေ တော်တော်ကြမ်းတယ်လို့ ပြောတယ်။ လူတောင် မူးမေ့လဲမတတ်ပဲတဲ့။ လက်နက်ကြီးနဲ့လည်း ရွာတွေဘက်ကို လှမ်းထုတယ်ပြောတယ်” ဟု ပြောသည်။
ယမန်နေ့ ညပိုင်းပစ်ခတ်မှုတွင် လူထိခိုက်မှုအခြေအနေ မသိရသော်လည်း ပန်းတောရပ်ကွက်က အိမ်ရှေ့တွင် ရပ်နားထားသည့် ကားတစ်စီး ကျည်ဆန်ထိမှန် ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အခြေအနေ အသေးစိတ်ကိုမူ မသိရပေ။
သရက်ချောင်းမြို့နယ်သည် စစ်ကော်မရှင်က ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်တွင် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် အိမ်ရှေ့ပြင်ကျေးရွာအုပ်စု၊ ကဇိတံတားဦးကျေးရွာ၊ ပန်းပြင်၊ တီတွတ်ပြင်ကျေးရွာအုပ်စု ၄ ခုတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။
သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၄၀ ခန့်၊ ကျေးရွာပေါင်း ၁၀၀ နီးပါးရှိသည်။







