ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂရင်းလန်းကျွန်းအရေး နိုဘယ်ဆု မရခြင်းနှင့် ထရမ့် ဆက်စပ်ပြော

January 20, 2026

ဓာတ်ပုံ - Reuters

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေး ၎င်း၏ ကြိုးပမ်းမှုကို ငြိမ်းချမ်းရေးနိုဘယ်ဆုအား ၎င်း မရရှိမှုနှင့် ဆက်စပ်ကာ ပြောဆိုလိုက်သည်။

ဂရင်းလန်းကျွန်းအရေး အငြင်းပွားမှုကြောင့် အမေရိကန်နှင့် ဥရောပအကြား ကုန်သွယ်ရေးစစ်ပွဲ တစ်ကျော့ပြန်ဖြစ်လာနိုင်ခြေ ရှိနေချိန်တွင် ထရမ့်က ၎င်းအနေဖြင့် ငြိမ်းချမ်းရေးသက်သက်ကိုသာ ရှေးရှုစဉ်းစားတော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့က နော်ဝေဝန်ကြီးချုပ်ထံ ပေးပို့သည့်စာတွင် ထရမ့်က “ကျွန်တော် စစ်ပွဲပေါင်း ၈ ခုမက ရပ်တန့်ပေးခဲ့ တာတောင် ခင်ဗျားတို့နိုင်ငံက ကျွန်တော့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု မပေးခဲ့ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးကိုပဲ အမြဲရှေးရှု ရမယ်ဆိုတဲ့ တာဝန်မျိုး ကျွန်တော့်မှာ မရှိတော့ဘူး။ အခုတော့ အမေရိကန်အတွက် ဘာက အသင့်တော်ဆုံးလဲဆိုတာကိုပဲ စဉ်းစားတော့မယ်” ဟု ရေးသားထားသည်။

ထရမ့် ပေးပို့သည့် စာကို နော်ဝေအစိုးရက တနင်္လာနေ့တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

ဒိန်းမတ်အနေဖြင့် ရုရှား၊ တရုတ်တို့၏ ရန်မှ ဂရင်းလန်းကို မကာကွယ်နိုင်ကြောင်း စွပ်စွဲမှုကိုလည်း ထရမ့်က ၎င်း၏ စာထဲတွင် ထပ်မံရေးသားပြောဆိုခဲ့သည်။

၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၎င်းအား မပေးဘဲ ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင်ကို ပေးခဲ့ခြင်းအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မကျေမနပ် ဖြစ်ခဲ့သည်။

ဂရင်းလန်းကျွန်းကို အင်အားသုံး သိမ်းပိုက်မည့် အစီအစဉ် ရှိမရှိနှင့် ပတ်သက်၍ NBC သတင်းဌာနနှင့် အင်တာဗျူးတွင် ထရမ့်က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ဂရင်းလန်းကျွန်းအရေး သဘောတူညီချက်မရပါက ဥရောပနိုင်ငံများကို သွင်းကုန်ခွန်ဖြင့် အရေးယူမည်ဟူသည့် ၎င်း၏ ခြိမ်းခြောက်မှုကို ထရမ့်က ထပ်မံပြောဆိုခဲ့သည်။

နေတိုးအဖွဲ့ဝင် ဒိန်းမတ်ထံမှ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ထရမ့်က အရှိန်မြှင့်လုပ်ဆောင်လာရာ ဥရောပသမဂ္ဂ ဘက်ကလည်း ယင်းကို တုံ့ပြန်ရန် ကိုယ်ပိုင်နည်းလမ်းများကို စဉ်းစားလာနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဂရင်းလန်းကျွန်းအရေး အငြင်းပွားမှုက အနောက်အုပ်စု၏ လုံခြုံရေးကို ဆယ်စုနှစ်များစွာ အထောက်အပံ့ပေးလာခဲ့သည့် နေတိုးမဟာမိတ်အဖွဲ့ကို ပျက်ပြားစေနိုင်ကြောင်းလည်း ဖော်ပြသည်။

အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်များ မမြှင့်တင်လျှင် အဖွဲ့ဝင်မဟာမိတ်နိုင်ငံများကို အကာအကွယ်ပေးရန် ထရမ့်၏ ငြင်းဆန်မှုနှင့် ယူကရိန်းစစ်ပွဲအရေးကြောင့် နေတိုးအဖွဲ့အတွင်း အဖုအထစ်များ ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

Source: Reuters