ထိုင်းနိုင်ငံ အန်ထောင်းခရိုင်တွင် တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက အဖွဲ့ခေါင်းဆောင်ရဲတပ်ကြပ်ကြီး၏ မွေးနေ့အတွက် လက်ခုပ်တီး သီချင်းဆို ဂုဏ်ပြုပေးခဲ့ကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၁၉ ရက် ည ၁၁ နာရီခွဲက အန်ထောင်းခရိုင် ချိုင်းယိုးဒေသ အမှတ် ၃၂ အမြန်လမ်းမကြီးပေါ်တွင် ပစ်ကပ်ကားနှစ်စီး အရှိန်မြှင့်မောင်းလာပြီး ကားပြတင်းပေါက်များကို ကာထားကာ ကားအနောက်ကို ဖုံးထားဖြင့် မသင်္ကာဖြစ်၍ ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဆိုသည်။
ကားနှစ်စီးတွင် မြန်မာနိုင်ငံသား ၂၂ ဦး လိုက်ပါလာပြီး ၎င်းတို့တွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ချင်းရိုင် မယ်ဆိုင်ဒေသသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ထိုင်းနိုင်ငံထဲ အလုပ်ရရှိရန် ဘတ် ၁၃၀၀၀ ပေးချေ၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများနှင့်တူ ထိုင်းနိုင်ငံသား ကားသမားသုံးဦးကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က ထုတ်ပြန်သော ဓါတ်ပုံများအရ ဖမ်းဆီးခံရသူအများစုမှာ လူငယ်အရွယ်များ ဖြစ်ကြသည်။
မြန်မာနိုင်ငံသားများကို ချင်းရိုင်မှတစ်ဆင့် ပထုံဌာနီသို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၃၅၀၀ ရရှိမည်ဖြစ်ကြောင်း ကားသမားက ထွက်ဆိုထားသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသားများကို ဥပဒေအရ အမှုဖွင့်အရေးယူခဲ့ပြီး ချိုင်းယိုးရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့စဉ် အမြန်လမ်းရဲတပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရဲတပ်ကြပ်ကြီး Wichai Tamsamai ၏ မွေးနေ့ဖြစ်နေကြောင်း သတင်းတွင် ဖော်ပြသည်။
ရဲတပ်ဖွဲ့၏ လုပ်ဖော်ကိုင်ဖက်များက အဖွဲ့ခေါင်းဆောင်ကို မွေးနေ့ကိတ်မုန့်ဖြင့် စပရိုက်တိုက်ခဲ့ပြီး ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား များကလည်း လက်ခုပ်တီး၍ မွေးနေ့သီချင်းဆို ဂုဏ်ပြုပေးခဲ့ကြကြောင်း သတင်းတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၅၀ ခန့် ဖမ်းဆီးခံရသေးသည်။
Ref: Khaosod English, MGR Online, Naewna







